သီပေါ အောက်တိုဘာ ၈
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC (International Committee of the Red Cross)(ရှမ်း/မြောက်)မှ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အကျဉ်းဦးစီးဌာနသို့ ကိုဗစ်− ၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ အကျဉ်းဦးစီးဌာန ရုံးဝန်းရှေ့တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးအပ်လှူဒါန်းရာတွင် သီပေါမြို့နယ် အကျဉ်းဦးစီးဌာနရှိဝန်ထမ်းများနှင့် အကျဉ်းသားများ စနစ်တကျလက်ဆေးခြင်းဖြင့် ကိုဗစ်−၁၉ရောဂါကို ကြိုတင်ကာကွယ်နိုင်စေရန်အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC (International Committee of the Red Cross)(ရှမ်း/မြောက်)မှ ပေးပို့လှူဒါန်း လာသည့် လက်ဆေးရန် ခြေနင်းစတီးဘေစင်(၅)လုံး၊ Family Care ဆပ်ပြာ ခဲ(၂၀၀၀)ခုတို့အား သီပေါမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးစိုင်းဇော်ဝင်းနှင့် တပ်ဖွဲ့ဝင်များက အကျဉ်းဦးစီးဌာနသို့ ကိုယ်စား သွားရောက်ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ် အကျဉ်းဦးစီးဌာန ဦးစီးမှူးဦးအောင်ဇော်လင်းက လက်ခံရယူခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)