လယ်ဝေး ဇွန် ၇
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ယနေ့မွန်းလွဲပိုင်းက လယ်ဝေးမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများဖြစ်သည့် အောင်မြင်ကုန်းကျေးရွာနှင့် တံတာဦးကျေးရွာသို့ရောက်ရှိပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်သည် အောင်မြင်ကုန်းကျေးရွာသို့ရောက်ရှိရာ လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကို၊ ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်တို့က ပြန်လည်ထူထောင်ရေးလုပ်ငန်းများ သတ်မှတ်ကာလတွင် အမြန်ဆုံးပြီးစီးနိုင်ရေးအတွက် ဆောင်ရွက်နေမှုများနှင့် ဆောင်ရွက်ပြီးစီးမှုများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဝင်းအောင်တို့က အိမ်ဆောက်ရန်အတွက် သစ်နှင့်သွပ်များရရှိမှု၊ ပြည်သူများထံ ဖြန့်ဝေပြီးစီးမှုနှင့် တည်ဆောက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သာသနာရေးဦးစီးဌာန၊ ပညာရေးဌာန၊ လျှပ်စစ်၊ ဆည်မြောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန စသည့်ဌာနများမှ တာဝန်ရှိသူများက အောင်မြင်ကုန်းကျေးရွာ ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်ပေးနေမှုများအား အသီးသီး ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်က ကျေးရွာပြည်သူများအနေဖြင့် နေအိမ်များအား ထောက်ပံ့သော သွပ်နှင့်သစ်တို့အား အသုံးပြု၍ အမြန်ဆုံးဆောက်လုပ်ကြရန်နှင့် လမ်းဖောက်ခြင်းဆောင်ရွက်ပြီးပါက လျှပ်စစ်ဓါတ်တိုင်များအား အမြန်ဆုံးဆောင်ရွက်ပေးရန်၊ လျှပ်စစ်မီတာ မရှိသေးသော၊ သုံးစွဲလိုသောပြည်သူများမှ မီတာများ လျှောက်ထားဆောင်ရွက်ရန်၊ ကျေးလက်ဆေးပေးခန်း(ယာယီ)ဆောင်အား သွပ်အမိုးဖြင့် ဆောင်ရွက်ပေးရန်၊ သက်ဆိုင်ရာဌာနအလိုက် လေဘေးသင့်ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများအား လျင်မြန်ထိရောက်စွာ ဆောင်ရွက်ပေးရန်နှင့် ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့်လည်း မိမိတို့၏ နေအိမ်များ မိုးမကျမီ အမြန်ဆုံးပြီးစီးစေရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် မှာကြားခဲ့ပြီး အောင်မြင်ကုန်းကျေးရွာတွင်းလမ်း ဆောင်ရွက်နေမှု၊ ရွာလယ်လမ်းမဘေး ရေမြောင်းဖောက်လုပ်ပြီးစီးမှုနှင့် နေအိမ်များ ပြန်လည်ဆောက်လုပ်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တံတားဦးကျေးရွာသို့ရောက်ရှိ၍ ကျေးရွာပြည်သူများနှင့် တွေ့ဆုံကာ မိုးမကျမီ နေအိမ်များ ဆောက်လုပ်နိုင်ရေးအတွက် ရရှိသည့် သွပ်၊ သစ်တို့ဖြင့် အမြန်ဆုံး ဆောက်လုပ်သွားကြရန်နှင့် လျှပ်စစ်မီးတိုင်များပြီးစီးရေး၊ အိမ်များသို့ မီတာများ အမြန်တပ်ဆင်ပေးရေးအတွက် ခရိုင်လျှပ်စစ်ဌာနမှ တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)