တောင်ဥက္ကလာပမြို့နယ်တွင်  အသက် ၅ နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ကွင်းဆင်းဆောင်ရွက်

တောင်ဥက္ကလာပ ဇွန် ၇

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မွေးကင်းစကလေးငယ်များနှင့် အသက် ၅ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁၁)ရပ်ကွက်၊ ရာဇသင်္ကြန်လမ်း၊ သာသနဟိတဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံရာတွင် မွေးကင်းစကလေးငယ်များနှင့် အသက် ၅ နှစ်အောက် ကလေးငယ်များအား ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ ပိုလီယိုသောက်ဆေး/ထိုးဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျော၊ ပြင်းထန်အဆုတ်ရောင်၊ အသည်းရောင်(ဘီ)၊ ဂျပန်ဦးနှောက်ရောင်၊ မေးခိုင်၊ ဝက်သက်၊ ဂျိုက်သိုးရောဂါ စသည့် ပုံမှန်ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေး ပေးခဲ့သည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)