မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT(၉/၂၀၂၃) ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်

မော်လမြိုင်   ဇွန်   ၇

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဆရာအတတ်ပညာဦးစီးဌာန လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT(၉/၂၀၂၃) ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်ပညာရေးဒီဂရီကောလိပ်၊ ပညာညီလာခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်ကြားရေးဆရာ၊ ဆရာမများနှင့် သင်တန်းတက်ရောက်သည့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက “ပညာပျိုးခင်းကြဲလေသူ” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက ပညာရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို ဦးတည်ချက်ထားပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံပညာ ဆရာ၊ ဆရာမများကလည်း နိုင်ငံတော်တည်ဆောက်ရေးမှာ အရေးပါသော ပညာရေးကဏ္ဍ၏ အားထားရသော လူသားအရင်းအမြစ်များဖြစ်၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာရှင်၊ အတတ်ပညာရှင် များစွာလိုအပ်ပါကြောင်း၊ ဒေသအလိုက်လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များ ထွက်ပေါ်လာစေရေးအတွက် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းနေရေးစီမံချက်ကို အကောင်ထည်ဖော်လျက်ရှိကြောင်း၊ အခြေခံပညာကျောင်းများကို တိုးချဲ့ဖွင့်လှစ်ပေးပြီး ဆရာအင်အားကိုလည်း တိုးမြှင့်ခန့်ထားပေးခဲ့ပါကြောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်ပညာရေးဒီဂရီကောလိပ်တွင် ယနေ့ဖွင့်လှစ်သော လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း အမှတ်စဉ်(၉/၂၀၂၃)က ထူးခြားသော မွန်ပြည်နယ်၏ ဘွဲ့ရမောင်၊ မယ်သင်တန်းသား၊ သင်တန်းသူ(၁၁၆)ဦးအပြင် ဧရာဝတီတိုင်းဒေသကြီးရဲ့ သင်တန်းသား၊ သင်တန်းသူ(၃၆၆)ဦး စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ(၄၈၂)ဦးကို သင်တန်းဖွင့်လှစ် သင်ကြားပို့ချ လေ့ကျင့်ပေးသွားမှာဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများတွင် နိုင်ငံသားကောင်းများစွာကို လေ့ကျင့်ပျိုးထောင်ပေးရာ နေရာဖြစ်သလို ပညာရေးဒီဂရီကောလိပ်များဟာလည်း နိုင်ငံသားကောင်းများကို မွေးထုတ်ပေးသောဆရာ့အတတ်ပညာ အရည်အချင်းပြည့်မီသည့် ဆရာ၊ ဆရာမများကို လေ့ကျင့်ပြုစုပျိုးထောင်ပေးရာနေရာဖြစ်၍ မောင်တို့မယ်တို့ဟာ အချင်းချင်းရင်းနှီးချစ်ကြည်စွာ နေထိုင်ရင်း ဆရာ၊ ဆရာမများ၏သင်ကြားပို့ချချက်များကို အစွမ်းကုန်သင်ယူမှတ်သားပြီး နိုင်ငံရဲ့အနာဂတ်သားကောင်းများ ဖြစ်လာမည့်ကျောင်းသား၊ ကျောင်းသူများကို လက်ဆင့်ကမ်းမျှဝေနိုင်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက် မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများက “သွေးချင်းတို့ဌာနေမြန်မာပြည်” အကဖြင့်ဖျော်ဖြေခြင်း၊ “ကျရာဒေသတာဝန်ထမ်းဆောင်စို့” သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှုအားပေး၍ တက်ရောက်လာကြသော သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)