တန့်ယန်း ဇွန် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အမှတ်(၁၀)ရပ်ကွက်၊ အုပ်စု(၁)၏ လမ်းဘေးမှ သက်တမ်းရင့် လုံးပတ် ၁၀ ပေခန့်ရှိသော လက်ပံပင်ကြီးသည် ပင်ခြေ၌ ပိုးဝင်ကာဆွေးမြေ့လာ၍ လမ်း၏အရှေ့ဘက် လူနေအိမ်တစ်လုံးပေါ်သို့ ယမန်နေ့ည ၁၀ နာရီခန့်က လဲကျခဲ့သည်။
အဆိုပါ ဆွေးမြေ့နေသော သက်တမ်းရင့် လက်ပံပင်ကြီး လဲကျမှုအား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူးနှင့် မြို့နယ်အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ အမှတ်(၁၀)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသောင်းကြည်နှင့် တာဝန်ရှိသူများက အန္တရာယ်ကင်းရှင်း စေရန်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ရာ လူနေအိမ်ခေါင်မိုး အနည်းငယ်ပြိုကျ ပျက်ဆီးခဲ့မှုမှအပ လူနှင့်တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)