မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ မူးယစ်ဆေးဖြတ်ပြီးသူ(၃၀)ဦး ကျော်အား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်

တာမွေ ဇွန်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ပြန်လည်ထူထောင်ရေးစခန်းအသီးသီးတွင် မူးယစ်ဆေးဖြတ်ပြီးနောက် ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုရုံးတွင် စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ စောင့်ရှောက်မှု ခံယူပြီးသည့် မူးယစ် ဆေးဖြတ် သင်တန်းသား(၃၀)ဦးကျော်ရှိပြီးဖြစ်ကြောင်း ယနေ့နံနက်ပိုင်းအချိန်က အဆိုပါမူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုရုံးရှိ မေတ္တာစံအိမ်ခန်းမ၌ စတုတ္ထ အကြိမ်မြောက် ကျင်းပပြုလုပ်သည့် မူးယစ်ဆေးဖြတ် သင်တန်းသားများအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပွဲအခမ်းအနားမှ သိရသည်။

အခမ်းအနားတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မူးယစ်ဆေး စွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ကျောင်းသားလူငယ်ထု ဆက်သွယ်ရေး သံတမန် ဟာသသရုပ်ဆောင် လူရွှင်တော် ဦးချစ်ချောက မူးယစ်ဆေးဖြတ်ပြီး၍ နောက်ဆက်တွဲ စောင့်ရှောက်မှု ခံယူပြီးသည့် သင်တန်းသားများအား ဘဝအောင်မြင်တိုးတက်စေရေးအတွက် လမ်းညွှန်ဆုံးမစကားပြောကြားခဲ့သည်။ ဆက်လက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များအား အသီးသီးပေးအပ်ခဲ့ကြပြီး မေတ္တာစံအိမ်သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် မူးယစ်ဆေး စွဲသူများ ပြန်လည် ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က မူးယစ်ဆေးဖြတ် သင်တန်းသားများအား သင်တန်းဆင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသားများက တက်ရောက်လာကြသူများအား တေးသီချင်းများဖြင့် သီဆို‌ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသူများသည် သင်တန်းဆင်း သင်တန်းသားများ၊ ၎င်းတို့၏ မိဘအုပ်ထိန်း သူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြပြီး မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က မူးယစ်ဆေးဖြတ် သင်တန်းသားများ၏ မိဘအုပ်ထိန်းသူများနှင့်တွေ့ဆုံကာ သင်တန်းဆင်း သင်တန်းသားများ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲတိုးတက်လာမှု အခြေအနေများနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌနှင့် အသင်း သား/သူများ၊ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးများ၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မေတ္တာစံအိမ်ရှိ မူးယစ်ဆေးဖြတ် သင်တန်းသားများနှင့် ၎င်းတို့၏မိဘအုပ်ထိန်းသူများ၊ သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး အသင်း(မြန်မာ)ဗဟိုအနေဖြင့် ပထမအကြိမ်တွင် မူးယစ်ဆေးဖြတ် သင်တန်းသား(၇)ဦး၊ ဒုတိယ အကြိမ်တွင် မူးယစ်ဆေးဖြတ် သင်တန်းသား(၄)ဦး၊ တတိယအကြိမ်တွင် မူးယစ်ဆေးဖြတ် သင်တန်းသား(၁၂)ဦးနှင့် ယခုစတုတ္ထအကြိမ်တွင် မူးယစ်ဆေးဖြတ် သင်တန်းသား(၈)ဦး စုစုပေါင်း မူးယစ်ဆေးဖြတ် သင်တန်းသား(၃၁)ဦးကို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်