မိတ္ထီလာခရိုင်တွင် B-31 စပ်မျိုးဝါ စံပြစိုက်ခင်း (စိုက်ဧက ၇၅ ဧက )ကွင်းသရုပ်ပြပွဲကျင်းပ

မိတ္ထီလာ ဇွန် ၇

မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာခရိုင်တွင် B-31 စပ်မျိုးဝါ စံပြစိုက်ခင်း (စိုက်ဧက ၇၅ ဧက) ကွင်း သရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ကွက်ငယ်ကျေးရွာအုပ်စု ကြာကန်ကျေးရွာ ကွင်းအမှတ် ၁၀၆၂၊ ဦးပိုင်အမှတ် ၃၂ ရှိ တောင်သူ ဦးအောင်နိုင်ဝင်း၏ စိုက်ဧက ၂ ဧကတွင် ကျင်းပခဲ့ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကွင်းသရုပ်ပြပွဲတွင် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးမင်းက ဝါမျိုးကောင်းမျိုးသန့် လွှမ်းခြုံရေး၊ ဝါသီးနှံ အထွက်နှုန်းတိုးတက်ရေးတို့အတွက်   စိုက်ပျိုးရေးဦးစီးဌာနမှ လိုအပ်သည့် မျိုးစေ့များကို အခမဲ့ပေးအပ်သည့်အပြင် အခြားလိုအပ်သည့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးစသည့် သွင်းအားစုများအတွက် ဝါလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ပံ့ပိုးကူညီပေးနေမှု အခြေ အနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက ဝါစိုက်တောင်သူများ ဝါအထွက်နှုန်းတိုးတက်စေရန် ဆောင်ရွက်ရမည့်အချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မန္တလေးတိုင်းဒေသ ကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ် ရေးမှူးနှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများအား B-31 စပ်မျိုးဝါမျိုးစေ့များအား အခမဲ့ပေး အပ်ခဲ့ရာ ဒေသခံ တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ၎င်းနောက် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ဒေသခံတောင်သူများက B-31 စပ်မျိုးဝါ စံပြစိုက်ခင်း (စိုက်ဧက ၇၅ ဧက)တို့အား ကြည့်ရှု့လေ့လာခဲ့ပြီး သိလိုသည်များကို မေးမြန်းရာ ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်စန္ဒာလင်းက ပြန်လည်ရှင်းပြခဲ့သည်။

အဆိုပါကွင်းသရုပ်ပြပွဲကို မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးမင်း၊ မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စန္ဒာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးဇော်အောင်လေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသက်နိုင်အေးနှင့် တာဝန်ရှိသူများ၊ ရေချို၊ ကွက်ငယ်၊ လိန်တော၊ ဝါးရုံကျေးရွာအုပ်စုများမှ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြ​ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)