ဒဂုံမြောက် ဇွန် ၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ဒေသန္တရကျန်းမာရေးဌာန(၃)ခုတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာမက မြို့ပေါ်ရပ်ကွက်များရှိ အသက်(၂)လမှ (၁)နှစ်ခွဲ အထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်း ရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယို သောက်ဆေး၊ ထိုးဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ် ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို လစဉ်လဆန်း ၁ ရက်နေ့မှ ၇ ရက်နေ့ထိ နေ့စဉ် ထိုးနှံတိုက်ကျွေးပေးပြီး အပတ်စဉ် ကြာသပတေးနေ့များတွင် လည်းထိုးနှံတိုက်ကျွေးပေး လျက်ရှိကြောင်း သိရသည်။
မြင့်မြင့်ရီ