ညောင်ဦးမြို့နယ်ပုဂံရှေးဟောင်းနယ်မြေ ဗူးဘုရားစေတီတော်ကြီး မိုးကြိုးထိ၍အနည်းငယ်ပျက်စီး

ညောင်ဦး ဇွန် ၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဘီကျေးရွာအုပ်စု တောင်ဘီကျေးရွာအနီးတည်ရှိသော ဗူးဘုရားစေတီတော်မြတ်ကြီး ယမန်နေ့ ည ၉ နာရီအချိန်က မိုးကြိုးစက်ကွင်းမိကာ အနည်းငယ်ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဥ်ကျေမှုနယ်မြေအတွင်း ဇွန် ၆ ရက်နေ့ ညနေပိုင်းက မိုးရွာသွန်းခဲ့ပြီး တောင်ဘီကျေးရွာ ဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိသော ဗူးဘုရားပတ်ဝန်းကျင်တွင် မီးပွားများလွင့်စင်ခြင်း၊ မြစ်ထဲသို့လျှပ်စီးကြောင်းများ စီးဝင်ခြင်းများဖြစ်ခဲ့သည့်အပြင် ဗူးဘုရားစေတီ လုံးပတ်တော်နှင့်ထီးတော်သည် မိုးကြိုးစက်ကွင်းမလွတ်ကင်းဘဲ ထီးတော်၏စိန်ဖူးတော် အောက်ခံကြာဖက်မဲသွားခြင်း၊ ထီးတော်တွင်ချိတ်ဆွဲထားသော သံခေါင်းလောင်းများမဲသွားခြင်း၊ ငှက်ပျောဖူးကြာဖက်ထိပ်ပိုင်း ၆ လက်မခန့် ပဲ့သွားခြင်း၊ မိုးကြိုးလွှဲကြိုး ပတ်ဝန်းကျင် လက်မခွဲ အဝိုင်းပေါက်နှင့် အမဲစက်ဖြစ်ပွားခဲ့ခြင်း၊ စေတီလုံးပတ်တော် အနောက်တောင်ဘက်နှင့် အနောက်ဘက်တွင် ၁ လက်မခွဲ အဝိုင်းပေါက်ငယ် နှစ်ခုဖြစ်ပွားခဲ့ပြီး ကပ်လှူထားသည့်ရွှေများ သံဇကွက်ကဲ့သို့ အရာထင်ခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါမိုးကြိုးထိမှန်မှုနှင့်ပတ်သက်၍ ညောင်ဦးခရိုင်စီမံအုပ်ခိုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြအောင်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းနှင့်ဝန်ထမ်းများမှ မိုးကြိုးထိမှန်မှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဗူးဘုရားစေတီတော်မြတ်ကြီးထိခိုက် ပျက်စီးမှုအား ဗူးဘုရားဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှတာဝန်ရှိသူများ ရှေးမူလက်ရာအတိုင်း ပြန်လည်ပြင်ဆင်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒီပါလင်း