ချောင်းဆုံ ဇွန် ၇
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့် တောင်သူများအတွက် အချိန်မီစိုက်ပျိုးနိုင်ရေး စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ ထုတ်ပေးလျက်ရှိရာ ဇွန်လ ၇ ရက်နေ့က ဘိုးနက်ကျေးရွာမှ တောင်သူ(၁၀၁)ဦး၏ စိုက်ဧက(၆၈၂) ဧကအတွက် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကျပ် (၁၀၂,၃၀၀,၀၀၀)ကျပ် ထုတ်ချေးပေးခဲ့သည်။
၂၀၂၃ ခုနှစ်အတွင်း မိုးစပါးစိုက်ဧက(၄)သောင်းအတွက် ငွေကျပ်သိန်း(၆)သောင်းခန့် ထုတ်ချေးနိုင်ရန်လျာထားလျက်ရှိကြောင်း စိုက်ဧက(၁)ဧကအတွက် (၁)သိန်း(၅)သောင်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိပြီး ချေးငွေများကို စက်တင်ဘာလအထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း တောင်သူများအနေဖြင့် ချေးငွေများကို မိမိတို့၏လယ်ယာလုပ်ငန်းခွင်အတွင်း အကျိုးရှိရှိအသုံးချစေလိုကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)မန်နေဂျာ ဒေါ်သီတာထွန်းမှ ပြောသည်။
မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မေလ(၁၉)ရက်နေ့မှ စတင်ထုတ်ချေးပေးလျက်ရှိပြီး ဇွန်လ ၇ ရက်နေ့အထိ ကျေးရွာ(၇)ရွာမှ တောင်သူများအတွက် စိုက်ပျိုးအချိန်မီ ချေးငွေများထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)