နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ၏ ရုပ်ကလာပ်တော် အန္တိမစျာပန အခမ်းအနား

ချမ်းမြသာစည် ဇွန် ၇

ဗန်းမော်ကျောင်းတိုက်၊ အေးကမ္ဘာသာသနာ့ ဗိမ္မာန်တော်ကြီးမှ မဟာအောင်မြေမြို့နယ်၊ ဗန်းမော် ကျောင်းတိုက်၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ၏ ရုပ်ကလာပ်တော် ပင့်ဆောင်လာသည့် ကရဝိတ်ယာဥ်တန်းသည် ဆရာတော်ကြီး၏ အန္တိမစျာပန အခမ်းအနား ကျင်းပမည့် ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည် တောင်ရပ်ကွက်၊ အကွက် -၄၁၀ (အေ)၊ ရန်ကုန်-မန္တလေးကားလမ်းဘေး၊ မေမြို့သံလမ်း နှင့် စစ်ကိုင်းလမ်းခွဲကြားရှိ ချမ်းမြသာစည် လေယာဥ်ကွင်းဟောင်း အတွင်းသို့ ယမန်နေ့ ၁၇:၅၀ နာရီ အချိန်တွင် စတင်ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်တင် ကရဝိက်ယာဉ်တော်သည် စျာပနကွင်း အတွင်း၌ လကျ်ာရစ် ၁ ပတ် လှည့်လည်ခဲ့ပြီး  ၁၈၁၀ ချိန်တွင် ဆရာတော်ကြီး၏ အန္တိမစျာပနအခမ်းအနားအား အစီအစဥ်အတိုင်း ပြုလုပ်ခဲ့ရာ ပထမဦးစွာ ဆရာတော်ကြီး၏ တပည့်သံဃာတော် ၈ ပါးတို့က ရုပ်ကလာပ်တော်အား ကရဝိတ်ယာဉ်ပေါ်မှ စတင် ပင့်ဆောင်ခြင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များက ရုပ်ကလာပ်တော်အား သံဃာတော်များထံမှ မင်္ဂလာနတ်ပန်းရထားပေါ်သို့ ပင့်ဆောင်ခြင်း၊ အခမ်းအနားမှူးက ရုပ်ကလာပ်တော်အား လောင်တိုက်တော်ပေါ်သို့ ကြွချီတော်မူပါမည့် အကြောင်း အဘိယာစန နိမန္တနဂါထာဖြင့် တောင်းပန် လျှောက်ထားခြင်း၊ ရုပ်ကလာပ်တော် ကို လောင်တိုက်တော်ထက်သို့ ပင့်ဆောင်ခြင်း၊ ပင့်ဆောင်စဉ် အနုပညာဦးစီးဌာနမှ ကောင်းကင်ကြိုးဖြင့် ပူဇော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လောင်တိုက်တော်ပေါ်သို့ တက်ရောက် ကြည်ညိုဖူးမြော်ခဲ့သည်။ လောင်တိုက်တော်ထက်တွင် ဈာပနသဘင် ဆင်ယင်ရန် အသင့်ဖြစ်သောအခါ အနိစ္စာ ဝတ သင်္ခါရာ အစချီ သံဝေဂသုံးဂါထာကို ရွတ်ဆိုပွားများခြင်း၊ အပြစ်ရှိက ခွင့်လွတ်တော် မူပါရန် တောင်းပန်ကန်တော့လွှာကို နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မဟာနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မ ကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ မဟာထေရ်မြတ်က ပရိသတ်များအား တိုင်ကြားပေး၍ ဗန်းမော်ဆရာတော်ဘုရားကြီးကို နောက်ဆုံး တောင်းပန်ကန်တော့ခြင်းနှင့် ဆရာတော်ကြီး၏ မြေးတပည့်ဖြစ်သူ အရှင် ကောသလ္လမှ ဆရာတော်ကြီး ပုံတော် ၊ ဘွဲ့တံဆိပ်တော်တို့အား စက်ခလုတ်နှိပ်၍ ရောင်စုံမီးများဖြင့် ပူဇော်ခြင်း၊ တပည့်ရင်းဖြစ်သူ အရှင် ဣန္ဒကမှ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား တေဇောဓာတ်ဖြင့် ပူဇော်နိုင်ရန် စက်ခလုတ်နှိပ် ပူဇော်ပြီး မီးရှူးမီးပန်းများဖြင့် ပူဇော်ခဲ့ကြသည်။ ၁၉:၂၀ အချိန်တွင် အန္တိမစျာပန အခမ်းအနား ပြီးစီးခဲ့ပြီး ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား တေဇောဓာတ်ဖြင့် ဆက်လက်ပူဇော်လျက် ရှိကြောင်း သတင်းရသည်။

ဆရာတော်ကြီး၏ အန္တိမစျာပနအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ သန်လျင်မင်းကျောင်း ဆရာတော်နှင့် ဆရာတော်ကြီးများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး၊ ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် ဇနီး၊တပ်မတော်အရာရှိကြီးများ၊ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ဇနီး၊ သာသနာရေး ဒုဝန်ကြီး ဦးအေးထွန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မန္တလေးအခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Mr Neeraj Kumar၊ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း(ဗဟို) ဒုဥက္ကဌနှင့်အဖွဲ့ဝင်များ၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ဥက္ကဌ ဦးဝဏ္ဏနှင့်အဖွဲ့ဝင်များ၊ ခရစ္စယာန်ဘာသာရေးအဖွဲ့မှ သာသနာပိုင်ချုပ်ကြီး ဦးကောက်ထန်း နှင့် အဖွဲ့ဝင်များ၊ အစ္စလာမ်ဘာသာရေးအဖွဲ့မှ အစ္စလာမ်သာသနာပညာရှင်များအဖွဲ့ချုပ် ဒုဥက္ကဌ အယ်ဟာဂျ်မောင်လာနာရှဘီရ်အာမက်နှင့် အဖွဲ့ဝင်များ၊ ဟိန္ဒူဘာသာရေးအဖွဲ့မှ ဓမ္မပါလကဟိန္ဒူ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်နှင့် အဖွဲ့ဝင်များ၊ တပည့်သံဃာတော်များနှင့် ဆရာတော်များ ၁၅၀၀၀ ပါးခန့်၊ သီလရှင် ၁၀၀၀ ပါးခန့်၊ ဆွေတော်မျိုးတော်များ၊ ဌာနဆိုင်ရာများ၊ စစ်မှုထမ်းဟောင်းများ၊ မိခင်နှင့် ကလေးစောက်ရှောက်ရေး အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသည့် ဧည့်ပရိတ်သတ်များ၊ ၃၅၀၀၀ ဦးခန့်၊ စုစုပေါင်း ၅၁၀၀၀ ဦးခန့် တက်ရောက်ပူဇော်ခဲ့ကြောင်း သတင်းရသည်။

ကျော်စွာ (ချမ်းစည်)