မိုင်းပျဉ်းမြို့နယ်တွင် ရှမ်းတိုင်းရင်းသား ရိုးရာဝတ်စုံနှင့် အိမ်သုံးပစ္စည်းများ ပြတိုက်ငယ်သို့ လာရောက်လှူဒါန်း

မိုင်းပျဉ်း အောက်တိုဘာ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြတိုက်ငယ်သို့ ရှမ်းတိုင်းရင်းသား ရိုးရာဝတ်စုံများနှင့် အိမ်သုံးပစ္စည်းများကို ယနေ့ နံနက် ၉နာရီခွဲက စေတနာရှင် ဒေသခံပြည်သူတစ်ဦးမှ လာရောက်လှူဒါန်းခဲ့သည်။

ထိုသို့ လှူဒါန်းရာတွင် မိုင်းပျဉ်းမြို့ရှိ ရှမ်းတိုင်းရင်းသူတစ်ဦးဖြစ်သူ ဒေါ်လှိုင်းပြည့်ဖြိုးအောင်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြတိုက်ငယ်တွင် ခင်းကျင်းပြသနိုင်ရန်အတွက် ရှမ်းအမျိုးသမီးရိုးရာဝတ်စုံနှင့် ကလေးဝတ်စုံ (၂)စုံ၊ ရှမ်းတိုင်းရင်းသားတို့ ကောက်ညှင်းပေါင်း ထည့်ရာတွင်အသုံးပြုသော နှီးဖြင့်ရက်လုပ်ထားသော ဝါးဘူး(၁)ဘူးကို လာရောက်လှူဒါန်းရာ မြို့နယ်ဦးစီးမှူး ဒေါ်မေမွန်ထွဋ်က လက်ခံရယူခဲ့ပြီး ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ခင်းကျင်းပြသထားရှိသော ပြတိုက်ငယ်တွင် ရှမ်း၊ လားဟူနှင့် အာခါ တိုင်းရင်းသားများ၏ ဝတ်စားဆင်ယဉ်မှု မှတ်တမ်းဓါတ်ပုံများ၊ တိုင်းရင်းသားတို့၏ ခေတ်အဆက်ဆက် အသုံးပြုလာသော ရိုးရာပစ္စည်းများ၊ မိုင်းပျဉ်းမြို့နယ် အတွင်းရှိ ထင်ရှားကျော်ကြားသော ဘုရားစေတီပုထိုးများနှင့် ဘုရား သမိုင်းများ၊ ထင်ရှားသောနေရာများနှင့် ဒေသထွက်ကုန်ပစ္စည်းများကို ခင်းကျင်းပြသ ထားရှိကြောင်း သိရသည်။

မေမွန်ထွဋ် (ပြန်/ဆက်)