ဂွမြို့နယ်တွင် ကျောင်းကျန်းမာရေး အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဂွ ဇွန်  ၇

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန  (မိခင်ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရဌာန)မှ တာဝန်ရှိသူများသည် ဇွန်လ(၂)ရက်နေ့မှ  ဇွန်လ(၅)ရက်နေ့အထိ အ.လ.က (ခွဲ)၊ ကင်းရုံး-၁၊ အ.မ.က(မူလွန်)ရွာမနှင့် အ.မ.ကမူလွန် သိမ်တမံကျောင်းများသို့ သွားရောက်ပြီး ကျောင်းကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများကို  အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သွားနှင့် ခံတွင်းဆိုင်ရာ  Dr . ယဥ်ယဥ်ဝင်း ( ဦးစီးအရာရှိ ) က ကျောင်းသား၊ကျောင်းသူများကို သွားနှင့်ခံတွင်းအကြောင်း ကျန်းမာရေး သရုပ်ပြ ပညာပေးခြင်း၊ (မိခင်ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရဌာန)မှ ဦးစီးအရာရှိ ဒေါ်နီလာအေးက  လက်သန့်ရှင်းရေးနှင့် လက်ဆေးနည်းသရုပ်ပြခြင်းနှင့် ကြယ်လေးပွင့်ပါအောင် စားသောက်တတ်စေရန် အာဟာရ ပညာပေးခြင်း၊ ဘက်စုံသားဖွားဆရာမ ဒေါ်မွန်မွန်အောင်က သန့်လေးသန့်အကြောင်း သရုပ်ပြပညာပေးခြင်းနှင့် ဘက်စုံသားဖွားဆရာမ ဒေါ်ဇင်မာချိုက အစာအာဟာရအုပ်စု (၃) အုပ်စု အကြောင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများအား သွားတိုက်ဆေးများ ပေးအပ်ကာ ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများလည်း ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်