ကျောက်ဆည် ဇွန် ၇
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် ဆည်၊ မြောင်း၊ ချောင်းကန် ပေါများပြီး ဆန်းစပါးကို အဓိကထား စိုက်လျက်ရှိရာ လယ်မြေများတွင် ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံအမျိုးမျိုးနှင့် ငရုပ်၊ ငှက်ပျော၊ ကွမ်း စသည့် သီးနှံမျိုးစုံစိုက်ပျိုးကြကြောင်း ဘုံကွင်းကျေးရွာတွင် စပျစ်သီးနှံများလည်း စမ်းသပ်စိုက်ပျိုးလာကြောင်း သိရသည်။
စပျစ်သီးနှံစိုက်ပျိုးရာတွင် ဦးစွာ အနက်တစ်ပေ၊ အကျယ်တစ်ပေ မြေကျင်းတူး၍ သဘာဝမြေဆွေးများ ထည့်ကာ မြေပြင်ထားရကြောင်း စပျစ်အရိုင်းပျိုးပင်များ ဦးစွာ စိုက်ပျိုးရကြောင်း၊ စပျစ်အရိုင်း ပင်များ သက်တမ်း(၆)လအကြာတွင် အညွှန့်များဖြတ်ပြီး စပျစ်အယဉ်မျိုးနှင့် ကိုင်းကူးပေးရကြောင်း ကိုင်းကူးပြီး (၆)လအကြာတွင် စပျစ်သီးများ စတင်ခူးဆွတ်ရောင်းချရကြောင်း စပျစ်အပင် (၅၀၀) စိုက်ပျိုးမည်ဆိုပါက မြေပြင်ချိန်မှစတင်ပြီး အသီးစတင်သီးချိန်အထိ ငွေကျပ်(၂၀)သိန်းခန့်ကုန်ကျကြောင်း စပျစ်စိုက်ပျိုးသူများထံမှ သိရသည်။
သပျစ်သီးနှံသည် ကျောက်ဆည်မြို့နယ်၏ ရာသီးဥတု၊ ရေ၊ မြေနှင့်ကိုက်ညီပြီး နှစ်ရှည်သီးနှံ တစ်မျိုးဖြစ်ကာ အသီးတစ်ရာသီတွင် ပိဿာချိန်(၁၅၀၀)ပိဿာခန့် ထွက်ရှိပြီး တစ်ပိဿာငွေကျပ် (၃၅၀၀) နှုန်းဖြင့် ရောင်းချရပါက အကျိုးအမြတ်များ ရရှိနိုင်သဖြင့် စပျစ်သီးနှံများ စမ်းသပ်စိုက်ပျိုးလာကြကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)