ညောင်ဦး ဇွန် ၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ အမှတ်(၃)၊တောင်ကုန်းရပ်မှ ထွက်ရှိသည့် သောက်ရေအိုးနှင့် အခြားအိုးများ ဈေးနှုန်း အတက်အကျ မရှိပဲ ပုံမှန်သာရောင်းချနေရကြောင်း အိုးအမျိုးမျိုး လုပ်ကိုင်ရောင်းချနေသည့် ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာ ဦးမြင့်စိုးထံက သိရသည်။
ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ အမှတ်(၃)၊တောင်ကုန်းရပ်သည် တစ်ရွာလုံးရိုးရာအိုး လုပ်ငန်း ခေတ်အဆက်ဆက် ပြုလုပ်ရောင်းချလာသည့် ဒေသဖြစ်ကာ ရိုးရာအိုးလုပ်ငန်းအား မည်သည့်ခေတ် ကတည်းက အိုးလုပ်ငန်းလုပ်ကိုင်ခဲ့သည်ကို ရွာထဲရှိ အသက်ကြီးသူများပင် မသိရှိဘဲ ရွာပြင်ဘက် ရှိအိုးဖုတ်(အိုးဖို)ကုန်း သုံးကုန်းတောင်ပူစာဖြစ်နေသည်ကိုကြည့်ခြင်းအားဖြင့် အိုးလုပ်ငန်း ဘယ်ခေတ်ဘယ်အချိန်ထဲက လုပ်ကိုင်ခဲ့သည်ကို ခန့်မှန်းနိုင်ကြကြောင်း ရွာထဲရှိ အိုးလုပ်ငန်း လုပ်ကိုင်သူများမှ ရှင်းပြသည်။ တောင်းကုန်းဒေသမှ အိုးအမျိုးမျိုးလုပ်ကိုင်ကြသော်လည်း ထန်းဆွဲမြူအိုးများနှင့် သောက်ရေအိုးများအား အများအပြား ထုတ်လုပ်ကာ ပတ်ဝန်ကျင်မြို့များနှင့် ဒေသတွင်းသို့ ရောင်းချခြင်းဖြင့် တောင်ကုန်းကျေးရွာ တစ်ရွာလုံး ရိုးရာအိုးလုပ်ငန်းဖြင့် စီးပွားဖြစ် အိုးလုပ်ငန်း လုပ်ကိုင်ကြကြောင်း သိရသည်။ အိုးလုပ်ရန်အတွက် ရွာပတ်လည်ရှိ နှုန်း မြေသားများနှင့် သဲဆံသည့် မြေအမျိုးစား သွားရောက်တူဖော်ကြကာ အိုးလုပ်ရန် သယ်ဆောင် လုပ်ကိုင်ကြကြောင်း၊ ထန်းဆွဲမြူအိုးများအား ထန်းရာသီ မစတင်မှီအချိန်ထဲက ကြိုတင်ပြီး ထန်းဆွဲမြူအိုးအမြောက်အများ လုပ်ကိုင်ထားကြောင်း၊ ထန်းရာသီစတင်ချိန် အနီးပတ်ဝန်းကျင် နယ်များမှ ထန်းတောင်သူများနှင့်ဒေသတွင်း ထန်းတောင်သူများ ထန်းဆွဲမြူအိုးများလာ ရောက်ဝယ်ယူကြကြောင်း သိရသည်။ တောင်ကုန်းရွာမှ တစ်နှစ်လျှင် ထန်းဆွဲမြိူအိုး နှစ်သိန်းခွဲကျော် နှစ်စဉ် ထုတ်လုပ်ရောင်းချရကြောင်း၊ သောက်ရေအိုးများကတော့ တစ်နှစ်ပတ်လုံး ရောင်းချရပြီး၊ အခြားအိုးများကိုလည်း တစ်အိမ်လျှင် အနည်းငယ်စီ ပြုလုပ်ရောင်းချရကြောင်း မြေရေဆေးဇလုံ၊ မြေသားဘုရားပန်း အိုး၊ မြေသားပန်းအိုး၊ မြေသားစုဗူး၊ မုန့်ပြစ်သလက်အိုး ခင်း၊ မြေသား အရက်ချွေး ပေါင်းခံအိုး (အရက်ချက်အိုး)၊ မြေသားကောက်ညှင်းပေါင်းအိုး၊ မြေ သားပန်းအိုး၊ မြေသားဟင်း ချက်အိုး(ဟင်းပြင်အိုး)၊သောက်ရေအိုး အလတ်၊အကြီးနှင့်ထန်းဆွဲ မြူအိုးများ ပြုလုပ်ရောင်းချကြကြောင်း သိရသည်။ ငါ့သရောက်ဒေသထွက် သောက်ရေအိုးနှင့် ထန်းဆွဲမြူအိုးများသည် ပါးလွှာပေါ့ပါးပြီး ခိုင်ခန့်ခြင်းကြောင့် ငါ့သရောက်ဒေသထွက်အိုးရယ် လို့နာမည်တစ်လုံးဖြင့် ထင်ရှားကျော်ကြားနေကြောင်း ဦးနေလင်းကရှင်းပြသည်။
အိုးအမျိုးမျိုးပြုလုပ်ရာတွင် အိုးပြင်လှဲ့နှင့် အိုးထွင်းဆရာနှစ်ဦးသာ လိုအပ်ပြီး အိုးပြင်လှဲ့ အားလူတိုင်း လှည့်တတ်သော်လည်း အိုးထွင်းဆရာမှာ အနည်းငယ်သာရှိကြောင်း တစ်ရွာလုံး အိုးထွင်း ဆရာခေါ် အိုးလုပ်သည့်ပညာရှင်များမှာ အမျိုးသမီးများသာရှိကြောင်းသိရပြီး အိုးပြင် လှဲ့စက်တစ်မျိုးထဲဖြင့် အိုးအမျိုးမျိုးအား မိမိလိုချင်သည့်အိုးပုံစံကို ဖြတ်တောက်ယူငင်ရပြီး အိုးပြု လုပ်ကြကြောင်း ထွက်ရှိလာသည့် အိုးများအား ပခုက္ကူမြို့၊ ကျောက်ပန်းတောင်းမြို့၊ တောင်သာမြို့ ၊မြင်းခြံမြို့နှင့် ညောင်ဦးမြို့များမှ အိုးပွဲစားများ လာရောက်ဝယ်ယူကြကြောင်း သိရပြီး ငါ့သရောက် ဒေသထွက်အိုးများ ဈေးနှုန်းပုံမှန်အတိုင်း ရောင်းချနေရပြီး ထန်းဆွဲမြူအိုး တစ်လုံး ၃၀၀ ကျပ်၊ သောက်ရေအိုးတစ်လုံးအကြီးတစ်လုံး ၅၀၀၀ ကျပ်၊ သောက်ရေအိုး လတ်တစ်လုံး ၁၅၀၀၊ အရက် ချွေးပေါင်းခံအိုးတစ်လုံး ၅၀၀၀ ကျပ်၊ ဟင်းပြင်အိုးတစ်လုံး အကြီး ၁၀၀၀ ကျပ်၊ အသေး ၇၀၀ ကျပ်တို့ဖြင့် ဈေးနှုန်းပုံမှန်သာ ရောင်းချနေရကြောင်း သိရသည်။
ဒီပါလင်း