ပုဇွန်တောင်မြို့နယ် Community Centre ခန်းမ၌ “လူငယ်နှင့်စာပေ” အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ပုဇွန်တောင် ဇွန် ၇

ယနေ့ခေတ်လူငယ်များ စာပေကို ချစ်မြတ်နိုးတတ်စေရန်နှင့်စာအုပ်စာပေများကို ပိုမိုဖတ်ရှုလေ့လာစေရန် ရည်ရွယ်၍ “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဇွန်တောင်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လူငယ်များစာပေဖတ်ရှုခြင်းဖြင့် လူငယ်များ၏ ပိုင်ဆိုင်ခွင့်ရရှိနိုင်မှုအခြေအနေတို့ကို မေးမြန်းဆွေးနွေးခဲ့ရာ စာရေးဆရာမကြီး ညွှန့်ညွှန့်(ကလော)က ကလေးသူငယ်ဘဝ၊ လူရွယ်၊ လူလတ်၊ လူကြီးဘဝစသည့်သက်တမ်းတစ်လျှောက်တွင် ရုပ်အာဟာရအတွက် အစာကိုမှီဝဲစားသုံးရသလို စိတ်အာဟာရအတွက်လည်း စာပေကို ဖတ်ရှုလေ့လာကြရမည်ဖြစ်ကြောင်း စာပေဖတ်ရှုခြင်းဖြင့် ဘဝအလှတန်ဆာကို ပေါ်လွင်စေသည့် စွမ်းရည်သတ္တိများရရှိသကဲ့သို့ ကျောင်းသားလူငယ်အရွယ်မှစ၍ စာပေဖတ်ရှုလေ့လာတတ်သည့် အလေ့အထကောင်းများကို လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ပုဇွန်တောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအား အသိပညာဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ Talk Show ဆွေးနွေးပွဲတို့ကို လစဉ် Facebook Page များတွင် စဉ်ဆက်မပြတ် လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။

ဟန်စုယဉ်