ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောဦးစီးဌာန ပျိုးပင်ပေါင်း(၅)သောင်း ပျိုးထောင်ထားရှိပြီး အခမဲ့ ဖြန့်ဝေပေး

ကျောက်ဆည် ဇွန် ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောဦးစီးဌာနမှ လူထုဖြန့်ပျိုးပင်ပေါင်း (၅)သောင်း ပျိုးထောင်ထားရှိပြီး တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာရုံးများ၊ သာသနာ့နယ်မြေများနှင့် ရပ်ကွက်၊ကျေးရွာများမှ ပြည်သူများ စိုက်ပျိုးရန်အတွက် အခမဲ့ဖြန့်ဝေ ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ဒေသအတွင်း စိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတု ကောင်းမွန်မျှတစေရေး၊ ပြည်သူများသစ်ပင်၊ သစ်တောများ ချစ်မြတ်နိုးတတ်သည့် စိတ်များ ကိန်းအောင်စေရန် အတွက် ဒေသနှင့် ကိုက်ညီသည့် ပျိုးပင်များ ပျိုးထောင်ထားရှိပြီး တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာရုံးဝင်းများ၊ သာသနာ့နယ်မြေများနှင့် ပြည်သူများ၏နေအိမ်ခြံဝင်းများတွင် စိုက်ပျိုးရန်အတွက် ကျွန်း၊ မယ်ဇလီ၊ စိန်ပန်း၊ ငုရွှေဝါ၊ ရေတမာ၊ တမာ၊ ယူကလစ်၊ တပေဘူတ၊ မြန်မာက္ကို၊ ခရေ၊ မယ်ဇယ် စုစုပေါင်းပျိုးပင် အမျိုးအစား (၁၁)မျိုး၊ ပျိုးပင် အရေအတွက် (၅) သောင်း ပျိုးထောင်ထားပြီး အခမဲ့ ဖြန့်ဝေပေးလျက်ရှိရာ ပျိုးပင်ပေါင်း(၁၄၆၆၀)ပင် ဖြန့်ဝေ ပေးပြီးဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ကျောက်ဆည်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် လူထုဖြန့်ပျိုးပင်များ ပျိုးထောင်ထားရှိပြီး အခမဲ့ ဖြန့်ဝေခြင်းလုပ်ငန်းများအပြင် ကျေးရွာထင်းစိုက်ခင်းအဖြစ် ဧက(၅၀)၊ ရေဝေရေလဲ စိုက်ခင်းအဖြစ် ဧက(၂၀)၊ သီးနှံသစ်တော ရောနှောစိုက်ခင်းအဖြစ် ဧက(၄၀)နှင့် ကျေးရွာတစ်ရွာ (၂)ဧက ထင်းစိုက်ခင်းများ စိုက်ပျိုးရန်အတွက် ပျိုးပင်များ ပျိုးထောင်စိုက်ပျိုးပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)