ကျောက်ဆည်မြို့နယ်တွင်သပြေပန်းစိုက်ပျိုးရောင်းချသူများ အဆင်ပြေ

ကျောက်ဆည် ဇွန် ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သပြေပင်စိုက်ပျိုးသူများသည် သပြေငုတ်ပန်း အဖြစ်လည်းကောင်း၊ အပင်ကြီးထား၍ အကိုင်းအညွှန်အား ချိုးယူ၍  ဘုရားပန်းအဖြစ်လည်းကောင်း အမျိုးမျိုးရောင်းချကြကြောင်း၊ အညွှန်ချိုးယူရောင်းချသူများအနေဖြင့်  အညွှန့် (၁၀) ညွှန့်ပါသပြေကိုင်း (၃) ကိုင်းတစ် စည်းအား ငွေကျပ်နှစ်ရာဖြင့် ရောင်းချလျက်ရှိရာ နေ့စဉ်ဝင်ငွေရရှိသဖြင့် သပြေပန်းစိုက်ပျိုး ရောင်းချသူမိသားစုများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

သပြေပန်းစိုက်ပျိုးရာတွင် မြေဘောင်များပြုလုပ်ကာ လေဝင်လေထွက်ကောင်းမွန်စေရန်နှင့် လိုအပ်သလို ရေသွင်းရေထုတ်ပြုလုပ်နိုင်ရန်အတွက် တစ်ပင်နှင့် တစ်ပင် (၅) ပေ၊ တစ်တန်းနှင့် တစ်တန်း (၆) ပေအကွာ စိုက်ပျိုးခြင်းဖြင့် အပင်များအကိုင်းအခတ် ဖြာထွက်မှုကောင်းမွန်ပြီး အရောင်အသွေး ကောင်းမွန်၍ ရောင်းချရာတွင်လည်း ဝယ်ယူသူပိုမိုများပြားကြောင်း တံတားလည်ရပ်ကွက်မှသပြေပန်းအပင် (၂၀၀) စိုက်ပျိုးရောင်းချနေသူ မသီတာအေးပြောပြ၍သိရသည်။  သပြေပန်း စိုက်ပျိုးရောင်းချသူများအနေဖြင့် အခြားသီးပင်၊ စားပင်များနှင့်မတူဘဲ မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးနိုင်ခြင်း လုပ်အားနှင့်သွင်းအားစု ကုန်ကျစရိတ် နည်းပါးပြီး ရောင်းချရာတွင် နေ့စဉ်ချိုးယူ ရောင်းချရသောကြောင့် နေ့စဉ်ဝင်ငွေရသဖြင့် စိုက်ပျိုးသင့်သော အပင်တစ်မျိုးဖြစ်ကြောင်း သိရှိရသည်။

သက်မောင်