မော်လမြိုင် ဇွန် ၆
မိုခါမုန်တိုင်းဒဏ်ခံရခိုင်ပြည်နယ် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ဇွန်လ ၆ ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ဇေတဝန်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖနှင့် အလှူရှင်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်၍ ဇေတဝန်ကျောင်းတိုက် ပဓာနနာယက ဆရာတော်အရှင်စန္ဒဇောတိထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က လှူဖွယ်ပစ္စည်းဆက်ကပ်လှူဒါန်းပြီး ရခိုင်ပြည်နယ် မိုခါမုန်တိုင်း လေဘေးသင့်ပြည်သူများအတွက် ငွေကျပ်တန်ဖိုးသိန်း(၆၀၀)ရှိ သွပ်အချပ်(၂၀၀၀)ကို ဇေတဝန်ကျောင်းတိုက် ပဓာနနာယကဆရာတော် အရှင်စန္ဒဇောတိမှပေးအပ်လှူဒါန်းမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပြီး အနုမောဒနာတရားနာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဇေတဝန်ကျောင်းတိုက်၌ လေဘေးသင့်ဒေသ သို့သွားရောက်လှူဒါန်းမည့် သွပ်အချပ်ရေ ၂၀၀၀ အား မော်တော်ယာဉ်များပေါ်တင်ဆောင်ထားရှိမှုများကို လိုက်လံကြည်ရှုစစ်ဆေးကာ အမိုးအကာများဖြင့် သေချာစနစ်တစ်ကျအုပ်မိုးပြီး အချိန်မှီပို့ဆောင်နိုင်ရေး တာဝန်ရှိသူများအားမှာကြား၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)