မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သံဂဟေဆက်သင်တန်း ဖွင့်လှစ်

မလှိုင် ဇွန် ၆

မလှိုင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သံဂဟေဆက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နေ့နံနက်(၁၀)နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က သင်တန်းအဖွင့်အမှာစကား ပြောကြားရာတွင် ယခုလို အသက်မွေးဝမ်း ကြောင်း အထောက်အကူပြု သင်တန်းဖွင့်လှစ်ပေးခြင်းဖြင့် အမျိုးသားများအနေဖြင့် လက်သမား၊ ပန်းရံလုပ်ကိုင်ရင်း သံဂဟေဆက် တတ်မြောက်ပါက ယခင်ကထက်ဝင်ငွေတိုး လာမည်ဖြစ်ကြောင်း၊ လူနေထိုင်မှု ပုံသဏ္ဍာန် တိုးတက်လာသည်နှင့်အမျှ အိုးအိမ်တိုက်တာများ ဆောက်လုပ်ခြင်းအပြင် အသုံး အဆောင် ပစ္စည်းများကိုလည်း Steel Strucuture များဖြင့် ဆောင်ရွက်လာကြသည့်အတွက် သံဂဟေဆက်သင်တန်းသည် သင်တန်းသားတို့အတွက် များစွာအကျိုးရှိစေပြီး မိသားစု စားဝတ်နေရေးကို များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း သင်တန်းဆရာ၏ သင်ကြားပို့ချချက်များ လေ့လာမှတ်သားရင်း သင်တန်းကို ပြီးဆုံးအောင်အထိ တက်ရောက် သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုစုက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်း နည်းပြ ဆရာ ဦးမင်းမင်းဦးမှ သင်တန်းတွင် ပို့ချသွားမည့် ဘာသာရပ်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က သင်တန်းတွင်အသုံးပြုမည့် သင်ထောက်ကူ ပစ္စည်များကို သင်တန်းသားများထံ ပေးအပ်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်း တင် ဓါတ်ပုံရိုက်ကူးခဲ့သည်။

အဆိုပါ သင်တန်းကို သင်တန်းနည်းပြဆရာ(၂)ဦးဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ ဝါးခွကျေးရွာအုပ်စု၊ ဝါးခွကျေးရွာနှင့် ကံစွယ်ကျေးရွာများမှ သင်တန်းသား (၁၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၆.၆.၂၀၂၃) မှ (၂၀.၆.၂၀၂၃) ရက်နေ့အထိ (၁၅)ရက်ကြာ နေ့စဉ်နံနက် (၉)နာရီမှ ညနေ(၄)နာရီအထိ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ 

အောင်ဌေး (မလှိုင်)