တကောင်း ဇွန် ၆
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့တွင် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့် အခွင့်အလမ်းမဆုံးရှုံးစေရေအတွက် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ၊ တကောင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
တကောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် KG မှ Grade-12 ထိ ကျောင်းသား၊ ကျောင်းသူ (၁၀၄၂)ဦး၊ မြို့မ (အ.လ.က)ကျောင်းတွင် KG မှ Grade-9ထိ (၃၅၆)ဦး သင်ကြား လျက်ရှိပြီး တကောင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ဇွန် ၆ ရက်နေ့အထိ ကျောင်းသား ကျောင်းသူ (၁၃၉၈)ဦး ပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးများထံမှ သိရသည်။
ထိုသို့ ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာ ကျောင်းများအလိုက် ကျောင်းလုံခြုံရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနိုင်နှင့် နယ်မြေစခန်းမှူး ရဲအုပ်အောင်ကိုဝင်း ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျောင်းအကျိုးတော် ဆောင်များ၊ မြို့မိ၊ မြို့ဖများ၊ ကျောင်းသားမိဘများက ဝိုင်းဝန်းပူးပေါင်း ကြပ်မတ်ဆောင်လျက်ရှိ ကြောင်း သိရသည်။
သီရိ