မြင်းခြံ ဇွန် ၆
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ရွာစည်(တ) ကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် ပျက်စီးနေအိမ် (၅) လုံးအတွက် ထောက်ပံ့ ပေးအပ်ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက် (၁၁:၃၀) နာရီ အချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပေးအပ်ခဲ့သည်။
ဇွန်လ (၁) ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းများ တိုက်ခတ်မှုကြောင့် မြင်းခြံမြို့နယ် ရွာစည်(တ) ကျေးရွာ၌ နေအိမ် (၅) လုံး အမိုးလန် ပျက်စီးခဲ့သည်။ အဆိုပါ အမိုး လန် ပျက်စီးခဲ့သည့် နေအိမ် (၅) လုံးအတွက် အိမ်ဆောင်ပစ္စည်းဖိုး ငွေကျပ် ၂၅၀၀၀၀၊ လူဦးရေ (၂၂) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ ငွေကျပ် ၄၆၂၀၀ စုစုပေါင်း ငွေကျပ် ၂၉၆၂၀၀ တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးတို့မှ ဘေးသင့် ပြည်သူများအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)