ကျောက်ဆည်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ကျောက်ဆည် ဇွန် ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက်(၁၁)နာရီက သုံးထပ်ဆောင် အစည်းအဝေး ခန်းမတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)တို့ ပူးပေါင်းပြီး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောပွဲတွင် အစိုးရနည်းပညာ အထက်တန်းကျောင်း(ကျောက်ဆည်)မှ ဒုတိယ ကျောင်းအုပ်ကြီး ဦးသိန်းထွန်းအောင်က အစိုးရနည်းပညာ အထက်တန်း ကျောင်း(ကျောက်ဆည်)တွင် သင်ကြားပေးလျက်ရှိသော (BT, AT, BST, ET, IT) အဓိကဘာသာ(၅)မျိုး အကြောင်းမိတ်ဆက် ရှင်းလင်းပြီး ပညာသင်ကြားရာ၌ အခမဲ့ ကျောင်းအပ်ခွင့်နှင့် ပုံနှိပ်စာအုပ်များ၊ ပုံဆွဲကိရိယာများ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း၊ ပညာသင်နှစ် ပြီးမြောက်သွားပါက အခြေခံပညာ အထက်တန်းကျောင်း အောင်မြင်ကြောင်းနှင့် (GTHS)မှ ပေးအပ်သည့် ဘာသာရပ်အလိုက် သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်သွားမည့်အပြင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား (TU) ကျောင်းနှင့် (AGTI) ကျောင်းများတွင် ဆက်လက်ပညာသင်ယူခွင့်ရရှိမှာ ဖြစ်ကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာအုပ်စာပေများ ဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုတများ တိုးပွားလာကာ ဘက်စုံထူးချွန်သူများ ဖြစ်လာမှာဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် စာအုပ်စာပေများ ဖတ်ရှုလေ့လာလိုပါက ခရိုင် ပြည်သူ့စာကြည့်တိုက်တွင် အခမဲ့အသင်းဝင်ပြီး အခမဲ့ လာရောက် ဖတ်ရှုနိုင်ကြောင်း ဟောပြောခဲ့သည်။

ထို့နောက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဝင်းက သဘာဝဘေးအန္တရာယ်များဖြစ်သည့် ငလျင်ဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့် မိုးကြိုးမုန်တိုင်း ဘေးအန္တရာယ် အကြောင်းများ ဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းနှင့် ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ ဆရာမများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်များအား စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)