နမ့်ခမ်းမြို့နယ်၊ သစ်တောဦးစီးဌာနတွင် ပျိုးပင်ပေါင်း နှစ်သောင်းကျော် ပျိုးထောင်ထားလျက်ရှိ

နမ့်ခမ်း ဇွန် ၆

“လူသားအားလုံးကျန်းမာဖို့ သစ်တောများကိုထိန်းသိမ်းစို့”ဟူသည့် ဆောင်ပုဒ်နှင့်အညီ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်နှင့် သစ်တောများပြုန်းတီးမှုမှ ကာကွယ်ရန်နှင့်မျှတသော ရာသီဥတုကိုရရှိစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ သစ်တောဦးစီးဌာနတွင် ပျိုးပင်များကို ပျိုးထောင်ထားစိုက်ပျိုးထားရှိကြောင်း သိရသည်။

သစ်တောဦးစီးဌာနတွင် မိုးရာသီသစ်ပင်စိုက်ပျိုးရေးကာလအတွင်း ပြည်သူများကို ဖြန့်ဝေရန် ပျိုးပင်ပေါင်း (၂၀၀၀၀)ခန့် ပျိုးထောင်ထားရှိကြောင်း သိရသည်။ အဆိုပါပျိုးပင်များအနက် နှစ်ရှည်ပင် များဖြစ်သော မယ်ဇလီပင်၊ မန်ဂျန်ရှားပင်၊ ချယ်ရီပင်၊ ထင်းရှူးပင်နှင့် ခရေပင်တို့ကို ပျိုးပင်ပေါင်း (၂၀၀၀)ခန့်စီကိုလည်းကောင်း၊ အခြားပျိုးပင်များဖြစ်သော မန့်ဝိုင်၊ စိန်ပန်း၊ သစ်လှ၊ ကံ့ကော်ပင်တို့ကို ပျိုးပင်ပေါင်း(၅၀၀၀)ခန့်စီကိုလည်းကောင်း ပျိုးထောင်ထားရှိကြောင်း သိရသည်။ ထို့အတူ သီးပင်စားပင်များဖြစ်သော ထောပတ်၊ ဒိန်ညှင်း၊ ပိန္နဲပျိုးပင်ပေါင်း (၅၀၀၀)ခန့်စီကို လည်းပျိုးထောင်ထားပြီး ဒေသခံပြည်သူများအား ပျိုးပင်ပေါက်များကို အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို မေလအတွင်းကျင်းပ၍ သစ်ပင်များကို စိုက်ပျိုးပေးခဲ့သလို သစ်တောကြိုးဝိုင်း၊  ကြိုးပြင်ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ကျေးရွာထင်းစိုက်ခင်းများ စိုက်ပျိုးပေးခြင်း၊ တစ်အုပ်တစ်မသစ်တောစိုက်ခင်းများနှင့် လမ်းဘေးဝဲယာတစ်လျှောက်တွင် သစ်ပင်စိုက်ပျိုးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

နမ့်ခမ်း(ပြန်/ဆက်)