စဉ့်ကူးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၏သား/သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ

စဉ့်ကူး   ဇွန်   ၆

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၏ သား/သမီးများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးနှင့် သင်ထောက်ကူပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၇)နာရီက စဉ့်ကူးမြို့ မြို့မရဲစခန်းအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် စဉ့်ကူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်နီချစ်က ပညာသင်ထောက်ပံ့ကြေးနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ရဲမှူး ဇော်နီချစ်နှင့် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဒေါ်တင်အေးခိုင်တို့က အထက်တန်းအဆင့်တွင် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများအားလည်းကောင်း၊ စဉ့်ကူးမြို့မရဲစခန်းမှူး ဒုရဲမှူး မောင်မောင်စိန်နှင့်  မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ အတွင်းရေးမှူး ဒေါ်ခင်မေသန်း တို့က အလယ်တန်းအဆင့်တွင် ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူများအား လည်းကောင်း၊ လက်ပန်လှနယ်မြေ ရဲစခန်းမှူး ဒုရဲမှူး ကျော်မြင့်ဦးနှင့် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင် ဒေါ်အိအိခင်တို့က မူလတန်းအဆင့်တွင် ပညာ သင်ကြားနေသော ကျောင်းသား/ကျောင်းသူများအားလည်းကောင်း ပညာသင်ထောက်ပံ့ငွေနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

စဉ့်ကူးမြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့်တွင် ပညာသင်ယူနေကြသည့် တပ်ဖွဲ့ဝင်များ၏ သား/သမီးကျောင်းသား/ကျောင်းသူ(၅၂)ဦးရှိကြောင်း သိရပြီး စုစုပေါင်းထောက်ပံ့မှုတန်ဖိုးမှာ ငွေကျပ်(၁၈၀၀၀၀၀)ကျော် ဖြစ်ကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)