မိုင်းဖြတ် ဇွန် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် အောင်ဇမ္ဗူဆုတောင်းပြည်စေတီတော်ကြီးကို အသစ်ပြန်လည်ပြုပြင် တည်ထားကိုးကွယ်သွားမည်ဖြစ်ရာ ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါစေတီ ပရဝုဏ်အတွင်း စီစဉ်ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ရန်အတွက် စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်၊ သုဓမ္မမဏိဇောတဓရ ဦးထွန်းရွှေနှင့် ဌာနဆိုင်ရာအကြီးအကဲများက နေ့နာမ်ထောင့်များအလိုက် နေရာယူခဲ့ပြီး ပန္နက်တော်တင် ငုတ်များရိုက်ခဲ့ကြသည်။ ယင်းနောက် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်ဆရာတော် (အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ) ဘဒ္ဒန္တ နန္ဒောဘာသက ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးခဲ့သည်။ ဆက်လက်၍ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ အောင်ဇမ္ဗူဆုတောင်းပြည့်စေတီတော်ကြီးကို ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းတိုက်အတွင်း ခုနှစ်ရက်သားသမီးများက တည်ထားကိုးကွယ်လျက်ရှိပြီး ယခင်က ဉာဏ်တော်အမြင့် ၂၂ပေ၊ ၆ လက်မ၊ ပလ္လင်တော် ၂ပေ၊ ၆လက်မရှိပြီး ယခုအခါ ပြန်လည်ပြုပြင်မွမ်းမံရာတွင် ဉာဏ်တော်အမြင့် ၂၇ပေ၊ ပလ္လင်တော် ၅ပေ မြှင့်တင်တည်ထား ကိုးကွယ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)