တောင်ကြီးမြို့၌(Mask) နှာခေါင်းစည်း မတပ်ဆင်လာသူများအား အသိပညာပေးခြင်း ဆောင်ရွက်

တောင်ကြီး  အောက်တိုဘာ  ၈

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ ကိုရိုနာဗိုင်းရပ်စ်-၁၉ (COVID-19)ရောဂါကူးစက်မှုမရှိစေရန် အတွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရုံးရှေ့၊ အရှေ့မြို့ပတ်လမ်းအမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအနီးနှင့် အနောက်မြို့ပတ်လမ်း၊ဝါးပြားလမ်းဆုံမီးပွိုင့်၌ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင်(Mask) နှာခေါင်းစည်းမတပ်ဆင်လာသူများအား ဒဏ်ငွေ ၂၀၀ ကျပ်စီ ကောက်ခံ၍ အသိပညာပေးခြင်း ပြုလုပ်ခဲ့ကြသည်။

“အဆိုပါ အသိပညာပေးလုပ်ဆောင်မှုကို တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ကာ ယနေ့ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်-၁၉ (COVID-19)ရောဂါ ကာကွယ်ထိန်းချုပ်ရေးအပိုင်းမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်ဖြစ်တဲ့(Mask) နှာခေါင်းစည်း တပ်ရမယ်ဆိုတဲ့ကိစ္စကိုဆောင်ရွက်ရာမှာ ကိုရို နာဗိုင်းရပ်စ်-၁၉ (COVID-19)ရောဂါ ကာကွယ်ထိန်းချုပ်ရေးအပိုင်းမှာ(Mask)နှာခေါင်းစည်း ကအဓိကတပ်ဆင်ခြင်း၊ ပညာပေးလုပ်ဆောင်ခဲ့တာလည်း တစ်လကျော်လောက်ရှိပြီ ၊ဒီနေ့မှာပညာပေးတာအပြင် ဒဏ်ရိုက်တာ ၂ ခုပေါင်း ပြီး ဒီနေ့က စတင်ဆောင်ရွက်တာဖြစ်ကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က  အောက်တိုဘာလ ၅ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်-၁၉ (COVID-19)ရောဂါ အခြေအနေ နှင့်ပတ်သက်သည့် ပြည်သူသို့အသိပေးရှင်းလင်းချက် မိန့်ခွန်းတွင် ဈေးနှင့် လူစုလူဝေးနေရာများသို့သွားရောက်ပါက (Mask) နှာခေါင်းစည်း မတပ်ဆင်သူများကို ဒဏ်ငွေ ၂၀ဝကျပ် ပေးဆောင်ရမည်ဖြစ်ပြီး ဒဏ်ငွေ ၂၀၀ ကျပ် အနက် ၅ဝကျပ်မှာ (Mask) နှာခေါင်းစည်း ဝယ်ယူရန်ဖြစ်ကာ ကျန် ဒဏ်ငွေ ၁၅၀ ကျပ်မှာ ဒဏ်ကြေးအဖြစ်ကောက်ခံခြင်းဖြစ်ကြောင်း ထည့်သွင်းပြောဆိုထားကြောင်း ၊ အဆိုပါကောက်ခံရရှိသည့် ဒဏ်ကြေးငွေများကို မြို့နယ်ကိုရိုနာဗိုင်းရပ်စ်-၁၉ (COVID-19)ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လိုအပ်သည့် N-95 (Mask) နှာခေါင်းစည်း ကဲ့သို့သော အထောက် အကူပြုပစ္စည်းများ ဝယ်ယူရေး၊ Quarantine Center များတွင်လိုအပ်သည့်များကို ဖြည်ဆည်းပေးနိုင်ရေး၊စက်သုံးဆီ မှအစ လိုအပ်သည်များ ဝယ်ယူနိုင်ရေးတို့တွင် ပြန်လည် အသုံးပြုသွားမည်ဖြစ်ပြီး ကောက်ခံရငွေများကို မြို့နယ် အုပ်ချုပ်ရေးမှူး၊မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ၃ ဦး အမည်ဖြင့် ကမ္ဘောဇဘဏ်တွင်ငွေ စာရင်း ဖွင့်လှစ်အပ်နှံသွားမည်ဖြစ်ကြောင်း” မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်၏ ပြောကြားချက်အရ သိရသည်။

တောင်ကြီးမြို့ပေါ်ရပ်ကွက်များအတွင်း သွားလာနေသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် စီးနင်းသူ နှင့် လိုက်ပါလာသူများနှင့် လမ်းသွားလမ်းလာများအား(Mask) နှာခေါင်းစည်း မတပ်ဆင်လာသူများကို ဒဏ်ငွေ ၂၀၀ ကျပ် ကောက်ခံခြင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယဦးစီးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး၊ မြို့နယ်မှစေတနာ့ ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)