မြစ်ကြီးနားမြို့ (Community Centre)၌ အဆင့်မြင့် ပန်းအလှဆင်/ပြင်နှင့် ပူပေါင်းအလှဆင်သင်တန်းဖွင့်လှစ်

မြစ်ကြီးနား ဇွန် ၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဒေသခံတိုင်းရင်းသား/ တိုင်းရင်းသူများ အလုပ်အကိုင် အခွင့်အလမ်းပိုမိုရရှိစေ‌ရန်ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ အဆင့်မြင့် ပန်းအလှပြင်၊ ပန်းအလှဆင်နှင့် ‌ပူပေါင်းအလှဆင်သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြစ်ကြီးနားခရိုင်ဦးစီးမှူး ဦးကျော်ထက်က သင်တန်းစည်းကမ်းချက်များနှင့် (Community Centre) လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်း ပြောကြားပြီး ကချင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို (ကသာ)က ယခုကဲ့သို့ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိစေမည့် သင်တန်းများ ဖွင့်လှစ်နိုင်အောင် ပူပေါင်းပါဝင် ဆောင်ရွက်ရခြင်းကြောင့် အထူးပဲဂုဏ်ယူ မိပါကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား/ တိုင်းရင်းသူ စုစုပေါင်း (၄၅) ဦးတို့အား မိမိအိမ်အတွင်း ဝေဝေဆာဆာ ပန်းအလှဆင်နည်း၊ မွေးနေ့/အမှတ်တရနေ့များအတွက် လက်ဆောင် ပန်းအလှပြင်နည်း၊ ပွဲအမျိုးမျိုးနှင့် အခမ်းအနားများတွင် ပန်းအလှပြင်နည်း၊ ပူပေါင်းဖြင့် အလှဆင် နည်းများကို ဇွန်လ (၅) ရက်နေ့မှ (၇) ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ယခု သင်တန်းကို မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ပြည်နယ်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် ပြည်နယ်စာကြည့်တိုက်များ ဖောင်းဒေးရှင်းတို့ ပူးပေါင်း ဖွင့်လှစ် ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာနတွင် လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းရရှိစေမည့် သင်တန်းများအပြင် အခြားအသိပညာ ဗဟုသုတများ တိုးပွားလာစေရန် ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ ဘာသာစကားပြောသင်တန်းများ ဖွင့်လှစ်သွားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)