ကျောက်ဆည်မြို့နယ်တွင် ငှက်ပျောဈေးကောင်းသဖြင့် ငှက်ပျောစိုက်တောင်သူများ အဆင်ပြေ

ကျောက်ဆည် ဇွန် ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် သံရွာ၊ ပုန်းညက်ကျေး၊ ရဲကြီး၊ အရှေ့သာဂရ၊ ဖျောက်ဆိပ်ပင်၊ အနောက်ရေဖျားတော၊ အနောက်ငယ်တိုး၊ အနောက်ငါးဆူ၊ ရဲဘော်ကြီး၊ သင်ပျိုကျေးရွာများတွင် ငှက်ပျောအများဆုံး စိုက်ပျိုးကြကြောင်းနှင့် ငှက်ပျောအဖီးခြောက်ဖီးပါ ငှက်ပျောခိုင် (၄၀)ပါလှည်းတစ်စီး ငွေကျပ်(၂)သိန်း ခုနှစ် သောင်းကျပ်ဖြင့် ရောင်းချရပြီး ဈေးကောင်း ရသဖြင့် ငှက်ပျောစိုက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အတွင်းရှိ ငှက်ပျောစိုက် တောင်သူများအနေဖြင့် ဖီးကြမ်းငှက်ပျော အများဆုံး စိုက်ပျိုးကြပြီး စိုက်ပျိုးရာတွင် မြေအစိုဓာတ် လုံလောက်စွာရရှိသည့် မိုးဦးရာသီ၌ အများဆုံး စိုက်ပျိုးကြကြောင်း “မိုးဦးရာသီစိုက်တော့ မိုးရေနဲ့ မြေအစိုဓာတ်ကောင်းစွာရရှိပြီး အပင်ဖြစ်ထွန်းမှု မြန်ဆန်ကြောင်းနှင့် စိုက်ပျိုးရာမှာ အပင်သန်ပြီး ငယ်ရွယ်သည့် ငှက်ပျောစို့အပင်ငယ်များ ရွေးချယ်ပြီး စိုက်ပျိုးမှသာ ငှက်ပျောအဖီးများသည့် ငှက်ပျောခိုင်များ ထွက်ရှိမှာဖြစ်ကြောင်း အပင်အပြုအစု ကောင်းပါက စိုက်ပျိုးပြီး(၁၀)လ အကြာတွင် ငှက်ပျောခိုင်များ စတင်ထွက်ရှိပြီး (၁၂)အကြာတွင် ခုတ်ယူရောင်းချရကြောင်း”  အနောက်ငါးဆူကျေးရွာမှ တောင်သူ ဦးကျင်စိုးက   ပြောပြသည်။

တောင်သူများအနေဖြင့် ငှက်ပျောစိုက်ရာတွင် အပင်ဝင်ဆန့်စေရေး နှစ်ပင်တန်း (စွယ်စုံ) နည်းဖြင့် စိုက်ပျိုးကြကြောင်း (၂)ပင်တန်း (စွယ်စုံ)နည်းဖြင့် စိုက်ပျိုးပါက မြေတစ်ဧကတွင် ငှက်ပျောအပင်ရေ (၈၀၀)ပင်ခန့်ဝင်ဆန့်ကြောင်း၊ ငှက်ပျောသီးနှံသည် မိသားစု တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ပြီး သွင်းအားစုနည်းကာ ရောင်းချရာတွင် ငွေအလုံးအရင်းရရှိသဖြင့် စိုက်ပျိုးကြ ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)