မြစ်သားမြို့နယ်၌ ကျီတော်ကုန်းဘုန်းတော်ကြီးကျောင်းတိုက်အတွင်းရှိ (၁၁) ကြိမ်မြောက် မဟာပဋ္ဌာန်းကျမ်းမြတ် နေ့/ည အသံမစဲ ရွတ် ဖတ်ပူဇော်ပွဲ အခမ်းအနား ကျင်းပ            

မြစ်သား ဇွန်  ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ (၁၁)ကြိမ်မြောက် မဟာပဋ္ဌာန်း ကျမ်းမြတ် နေ့/ည အသံမစဲရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီအချိန်က မြို့မ အရှေ့ရပ်ကွက်အတွင်းရှိ ကျီတော်ကုန်းဘုန်းတော်ကြီး‌ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကြွရောက်တော်မူလာကြကုန်သော  သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်အပေါင်းတို့မှ နမောတဿ ဂါထာတော်သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဒိုင်းကျေးရွာ‌ကျောင်း ဆရာ‌တော်ဘဒ္ဒန္တသုမနမှ ဇယမင်္ဂလာအောင်ဂါထာဖြင့် အခမ်းအနားကိုဖွင့်လှစ်ပေးပြီး၊ မင်းကုန်း ကျောင်းဆရာတော် ဘဒ္ဒန္တဃောသိတ   ထံမှဒါယကာ၊ ဒါယကာမတို့သည် ငါးပါးသီလတရားဆောက် တည်ခဲ့ကြသည်။   ထို့နောက် ကျောက်ဆည်မြို့ ရွှေဆပ်သွားဘုရားကျောင်းဆရာတော် ဘဒ္ဒန္တဇဝနမှနတ်ဗြဟ္မာအပေါင်းတို့အား ပဋ္ဌာန်းတရားနာဖိတ်ကြား၍ ရေလည်ကျောင်း ဆရာတော်ဘဒ္ဒန္တရေဝတမှ ပဌာနဓမ္မဿဓနဥယျော ဇနဂါထာတော်ဖြင့် ရွတ်ဖတ်ပူဇော်ပြီး ကုန်းသာကျောင်း ဆရာတော် ဘဒ္ဒန္တကောဝဒမှပဌာန်းတရား ရွတ်ဖတ်ရန် အချိန်တန်ပြီဖြစ်ကြောင်းပဌာနဘာ ဏကဥယျောဇန ဂါထာဖြင့် ရွတ်ဖတ်ပူဇော်၍ ကြွရောက်လာသော ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်ပေါင်းတို့မှ ပဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်ကို သံပြိုင်ရွတ်ဆိုကြသည်။

မဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်သည့်ရက်များအတွက် ရွတ်ဖတ်ပူဇော်ကြသည့် ဆရာတော်ကြီးများအပါ (၃၀)ပါးအား ဆွမ်း၊ ကွမ်း ဝေရာဝစ္စများကိုလည်း  အလှူရှင်များမှ ပြည့်စုံအောင် လှူဒါန်းပေးခဲ့ကြပြီး တက်ရောက်လာသောဧည့်သည်တော်များကို  ဧည့်ခံကျွေးမွေးခဲ့သည်။

ထို့နောက်(၁၁)ကြိမ် မြောက် မဟာပဋ္ဌာန်းကျမ်းမြတ် နေ့/ည အသံမစဲရွတ်ဖတ်ပူဇော်ပွဲအား ဇွန်လ(၅)ရက်နေ့မှ (၉)နေ့ အထိ(၅)ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်ကျင်းပသွားမည်ဖြစ်ကြောင်း ပဋ္ဌာန်းဖြစ်မြောက်ရေးဥက္ကဋ္ဌ ဦးသန်းမြင့်ထံမှ သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)