မူဆယ် ဇွန် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် အညာဒေသဘက်မှအဓိကထွက်ရှိသော စိန်တလုံးသရက်သီး ရောင်းအားကောင်းလျက်ရှိပြီး မူဆယ်မြို့ သစ်သီးဈေးကွက်တွင် ယခင်နှစ်ထက်ရောင်းအား မြင့်တက်လျက်ရှိပါသည်။
“အရင်နှစ်က စိန်တလုံးသရက်သီးတလုံးကို (၇၀၀)ကျပ်နဲ့(၈၀၀)ကျပ်လောက်ပဲ သရက်သီးပေါ်ချိန်မှာ ဈေးပေါက်တယ်။ ဒီနှစ်မူဆယ်ဈေးထဲတွေမှာ (၁၀၀၀)ကျပ်ကျော်အထိ ပေးဝယ်ရတယ်။ အလုံးကောင်းရင်အလုံးလှရင်(၁၃၀၀)ကျပ်၊ (၁၄၀၀)ကျပ်လောက်ထိ ဈေးပေါက်တယ်။ ပြီးတော့ ဒီနှစ်ကအရင်ထက်စာရင် ရာသီဉတုမှန်လို့နဲ့တူတယ် သရက်သီးတွေပိုလှတယ် ပိုကောင်းတော့လာဝယ်တဲ့သူတွေကလည်း တစ်လုံးချင်း ဝယ်ဝယ်ခြင်းလိုက်ဝယ်ဝယ် ဈေးကောင်းပေးဝယ်ကြတယ်”လို့ မူဆယ်မြို့၊ ရွှေသမင်ကျောင်းအနီး သစ်သီးအရောင်းဈေးသည်တစ်ဦးက ပြောကြားခဲ့ပါသည်။ မူဆယ်မြို့တွင် ရောင်းချလျက်ရှိသော အညာဒေသထွက် စိန်တလုံးသရက်သီးများသည် မန္တလေး၊ ကျောက်ဆည်၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာနှင့် မကွေးမြို့တို့မှ အဓိကတင်ပို့ရောင်းချခြင်းဖြစ်ပြီး သရက်သီးပေါ်ချိန်ဖြစ်သောကြောင့် တစ်လုံးချင်းလျှင် မြန်မာငွေ(၁၀၀၀)ကျပ် အထက်ရောင်းချရလျက် သရက်သီးတစ်ခြင်းလျှင် မြန်မာငွေ(၁၅၀၀၀)ကျပ်၊ (၂၅၀၀၀)ကျပ်နှင့် (၃၀၀၀၀)ကျပ်အထိ အစားစားရောင်းချလျက်ရှိပါသည်။ အညာဒေသထွက် စိန်တလုံးသရက်သီးများကို လာရှိုးမြို့၊ မူဆယ်မြို့၊ ချင်းရွှေဟော်မြို့တို့အပြင် ဟိုပန်မြို့နှင့် လောက်ကိုင်မြို့တို့အထိ တင်ပို့ရောင်းချလျက်ရှိပါသည်။ ယခုအခါတွင် မူဆယ်မြို့တွင်ပင် စီးပွားဖြစ် စိန်တလုံးသရက်သီးကို စိုက်ပျိုးရောင်းချလျက် ရှိပါသည်။
ဆက်ပိုင်(ပြန်/ဆက်)