မုဒုံမြို့၌ အိမ်တွင်းလျှပ်စစ်သွယ်တန်းနည်း သင်တန်းဖွင့်လှစ်

မုဒုံ ဇွန် ၆

မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြိုင်ကုန်းကျေးရွာရှိ နဂါးမောက်ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျင်းပသည်။

အခမ်းအနားတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက အဖွင့်အမှာစကားပြောကြားပြီး မွန်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်စန်းယုက အိမ်တွင်းလျှပ်စစ်သွယ်တန်းနည်းပညာဖြင့် လုပ်ငန်းခွင်ဝင်ရောက်နိုင်စေရန်၊ ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင်လုပ်ငန်းငယ်များ ထူထောင်နိုင်စေရန်နှင့် သင်တန်းမှပို့ချပေးသောသင်ခန်းစာများကို စိတ်ဝင်တစား သင်ယူကြရန် အမှာစကားပြောကြားသည်။ ထို့နောက် မုဒုံမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဝင်းက သင်ထောက်ကူပစ္စည်းများကို သင်တန်းသားများအား ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ နည်းပြသုံးဦးက အိမ်တွင်းလျှပ်စစ်သွယ်တန်းနည်း စာတွေ့လက်တွေ့များကို သင်တန်းသား ၂၀ ဦးအား ရက် ၂၀ ကြာ အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သားငယ် (ပြန်/ ဆက်)