၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

ချမ်းအေးသာစံ     ဇွန်   ၆

၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက် ၇၁လမ်း၊ ၂၆လမ်းနှင့် ၂၇ လမ်းကြား ရှိ မြို့တော်ခန်းမတွင်  ကျင်းပခဲ့သည်။

အခမ်းအနားတွင် မန္တလေတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်မှ အဖွင့်အမှာစကား ပြောကြားပြီး ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂပတ်ဝန်းပျင်အစီအစဉ်(UNEP) အမှုဆောင် ညွှန်ကြားရေးမှူးတို့၏ သဝဏ်လွှာ ဗီဒီယိုများအား ပြသ၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းဆု အထက်တန်းအဆင့် ပထမဆုရ ချမ်းအေးသာစံမြို့နယ် အမှတ် ၁၆ အခြေခံပညာအထက်တန်းကျောင်း အပါအဝင် အထက်တန်းအဆင့်နှင့် မူလတန်းအဆင့် ဆုရ ကျောင်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆုရရှိကြသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် "ပလပ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင် ရွက်စို့"(Solutions To Plastic Pollution) အသိပညာပေး ဗီဒီယိုအား ပြသခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးရဲထွန်းမှ အခမ်းအနား တက်ရောက်လာသည့် ဧည့်သည်တော်များကို အထိမ်းအမှတ်လက်ဆောင်ပစ္စည်းများအား ပေးအပ်ခဲ့သည်။

ယင်းနောက် တက်ရောက်လာသူများက ခန်းမအတွင်းပြသထားသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ ခေတ်မီပစ္စည်းကိရိယာများ ပြခန်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့​ကြသည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ သယံဇာတရေးရာ ဝန်ကြီးဦးရွှေဇင်၊ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးရဲထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းများနှင့် လူမှုရေးအသင်း အဖွဲ့များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆုရရှိကြသူများ တက်ရောက်ခဲ့​ကြကြောင်း သိရသည်။

ထိပ်ထားနိုင်