နွားထိုးကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ဝင်/ထွက် ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးမှုများ တိုးမြှင့်ဆောင်ရွက်

နွားထိုးကြီး အောက်တိုဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့အဝင်/ အထွက် ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှုများ မြင့်တက်လာသည့်အတွက် မြို့နယ်သို့ ဖြတ်သန်းသွားလာသည့် ခရီးသွားမော်တော်ယာဉ်များ၊ ခရီးသွားပြည်သူများနှင့် သုံးဘီးယာဉ် (Taxi) များမှ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ခရီးသွားထောက်ခံစာများ စစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်များ မှတ်တမ်းယူခြင်း၊ ကိုယ်အပူချန်များ တိုင်တာခြင်း၊ နှားခေါင်းစည်း တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။

အဆိုပါ ဆောင်ရွက်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူး များနှင့် လူမှုရေးအဖွဲ့အစည်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)