လှည်းကူးမြို့၊ သာသနာ့ရိပ်သာရပ်ကွက်တွင် တီဘီရောဂါဝေဒနာရှင်များအား အခမဲ့ဆေးကုသမှု ကွင်းဆင်းဆောင်ရွက်ပေး

လှည်းကူး   ဇွန်   ၆

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ အောင်ဆန်းဆေးရုံကြီးမှဆရာဝန်ကြီးများအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ တီဘီရောဂါဝေဒနာရှင် ပြည်သူများအား ယနေ့နံနက် ၉ နာရီက လှည်းကူးမြို့၊ သာသနာ့ရိပ်သာရပ်ကွက် ဓမ္မာရုံတွင် အခမဲ့ဆေးကုသပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ဆေးကုသပေးရာတွင်အောင်ဆန်းဆေးရုံကြီးမှ ဆရာဝန်ကြီးများဦးဆောင်သည့်အဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကျန်းမာရေးဝန်ထမ်းများက သာသနာ့ရိပ်သာရပ်ကွက်မှတီဘီရောဂါ ဝေဒနာခံစားနေရသည့် ဒေသနေပြည်သူများအားရှာဖွေ၍ သွေးပေါင်ချိန်ပေးခြင်း၊ တီဘီရောဂါ ရှိ/မရှိ စစ်ဆေးကုသပေးခြင်း၊ လိုအပ်ပါကဓာတ်မှန်ရိုက်ပေးခြင်းနှင့် အခြားသောအထွေထွေရောဂါများ စစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးသည်။

အဆိုပါ ဆေးကုသပေးရာသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)