ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ကော်မတီဝင်များနှင့်တွေ့ဆုံ

ဘူးသီးတောင် ဇွန်  ၆

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူ များသည်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖွဲ့စည်းထားသည့် မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ကော်မတီဝင်များနှင့် တွေ့ဆုံခြင်းကို ယနေ့နံနက် ၁၀နာရီအချိန်က ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု (Command Post)အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းက မိုခါမုန်တိုင်းကြောင့် ပျက်စီး၊ ဆုံးရှုံးသွားသော စာရင်းဇယားများမှန်ကန်စေရေး၊ စာရင်းချုပ်နှင့်တိုက်ဆိုင်စစ်ဆေးပြီး ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပစ္စည်းများရောက်ရှိလာပါက လေဘေးသင့်ပြည်သူများ လက်ဝယ်သို့ အမှန်တကယ်ရောက်ရှိစေရေး စနစ်တကျ ဖြန့်ဝေနိုင်ရေးနှင့် မိုခါမုန်တိုင်း ကြောင့် ကျောင်းအဆောက်အဦများပျက်စီးနေမှုအား အမြန်ဆုံးပြုပြင်ပြီး ကျောင်းသား၊ ကျောင်းသူများ မိုးလုံ၊ လေလုံပညာသင်ကြားနိုင်ရေးတို့ကို ဆွေးနွေးခဲ့ရာ မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ကော်မတီဝင်များက စာရင်းဇယားများဆောင်ရွက်ထားရှိ နေမှုအခြေအနေများနှင့် ထောက်ပံ့ပစ္စည်းများ ရောက်ရှိလာပါက လေဘေးသင့်ပြည်သူများ လက်ဝယ်သို့ ဖြန့်ဝေပေးနေမှုနှင့် မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ကျောင်းအဆောက် အဦများအား အမြန်ဆုံးပြုပြင်ဆောင်ရွက်နေမှုနှင့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားပေးနေမှုအခြေအနေများအား အသီး သီးဆွေးနွေးတင်ပြကြရာ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းက လိုအပ်သည်များကို လမ်းညွှန်မှာကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့်အဖွဲ့သည် အ-မ-ကဂန္ဓာမာ၊ အ-မ-က(မူလွန်)၃၅၃၊ အ-မ-က(၅၃၅)၊ အ-လ-က(ခွဲ)ငကျည်တောက်၊ အ-လ-က(ခွဲ)တပ်မင်းချောင်း၊ အ-ထ-က လက်ဝဲဒက်ပုဇွန်ချောင်း၊  စာသင်ကျောင်းတို့အား သွားရောက်ပြီး ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပညာသင်ကြားနေမှုနှင့် မိုခါမုန်တိုင်းကြောင့် ကျောင်းအဆောက်အဦထိခိုက်ပျက်စီးမှုအခြေအနေများအား လိုက်လံကြည့်ရှုကာ ကျောင်းဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောက်ရွက်ထားရှိမှု အခြေအနေများနှင့် လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)