မော်လမြိုင် ဇွန် ၆
မွန်ပြည်နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်ခဲ့သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ကမ္ဘာ့နိုင်ငံများ ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ၁၉၇၂ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့တွင် ကုလသမဂ္ဂမှကြီးမှူးပြီး ပထမဆုံးအကြိမ် လူသားပတ်ဝန်းကျင်ညီလာခံကြီး(United Nation Conference on Human, Environment)ကို ကျင်းပကာ ယင်းညီလာခံစတင်ကျင်းပသည့် ဇွန်လ(၅)ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ပေးခဲ့ပါကြောင်း၊ ခေတ်မီတိုးတက်လာသည့် ယနေ့ကာလတွင် ပလတ်စတစ် ထုတ်ကုန်တွေ အသုံးများလာတဲ့အမျှ ပလတ်စတစ်ညစ်ညမ်းမှုဟာ စီးပွားရေး၊ သက်ရှိတို့၏ ဂေဟစနစ်တွေအပေါ် ခြိမ်းခြောက်မှုကြီးတစ်ခုဖြစ်လာကြောင်း မြန်မာနိုင်ငံ၏ ပလတ်စတစ်ထုတ်လုပ်မှုဟာ ၂၀၁၇ ခုနှစ်မှာ မက်ထရစ်တန်ချိန်ပေါင်း ၂၅၀,၀၀၀ ထိရှိကြောင်း၊ ၂၀၁၉ ခုနှစ်မှာတော့ ၂၈၇,၅၀၀ မှ ၃၀၀,၀၀၀ ကြားရှိနေ၍ ဒေသတွင်းပလတ်စတစ်ထုတ်လုပ်သော စက်ရုံပေါင်း ၄၀၀၀ ခန့်ရှိကြောင်း၊ နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသည့် ပလတ်စတစ်ကန့်သတ်ခြင်းဆိုင်ရာ နည်းလမ်းများဖြစ်သော သတ်မှတ်ပလတ်စတစ် အမျိုးအစားများအပေါ် ပိတ်ပင်တားမြစ်ခြင်း၊ ပလတ်စတစ်အသုံးပြုမှုအတွက် စားသုံးသူအပေါ် အခကြေးငွေကောက်ခံခြင်း၊ ထုတ်လုပ်သူနှင့် တင်သွင်းသူများအပေါ် အခကြေးငွေစည်းကြပ်ခြင်း၊ စီးပွားရေးလုပ်ငန်းများကို သဘာဝနှင့်ကိုက်ညီသော အလေ့အကျင့်များကိုကျင့်သုံးပါက အခွန်ကင်းလွတ်ခွင့် ပေးတဲ့မူဝါဒများ ချမှတ်ကျင့်သုံးခြင်းများအား မြန်မာနိုင်ငံတွင် ကျင့်သုံးမည်ဆိုပါက အပြန်အလှန်အားဖြင့် ပလတ်စတစ်အသုံးပြုမှု နည်းပါးလာနိုင်ကြောင်း အမှိုက်ထွက်ရှိမှု လျှော့ချရာရောက်သည့်အပြင် ရရှိလာသည့် ရန်ပုံငွေများသည် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲခြင်းအတွက် ကုန်ကျစရိတ်များကာမိမည်ဖြစ်ပြီး ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများလည်း လျော့ပါးသက်သာလာမှာဖြစ်ကြောင်း၊ ပလတ်စတစ်ကြောင့် ဖြစ်ပွားနိုင်သောဆိုးကျိုးများကို စက်ရုံ၊ အလုပ်ရုံများရှိဝန်ထမ်းတွေ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်များရှိ ကျောင်းသား/သူတွေကို အသိပညာပေးဟောပြောပွဲများ သွားရောက်ပြုလုပ်ခြင်း၊ ဈေးများ၊ လူနေရပ်ကွက်များရှိ ပြည်သူလူထုတွေကို အသိပညာပေးလက်ကမ်းစာစောင်များဝေငှခြင်း၊ အမှိုက်စနစ်တကျစွန့်ပစ်ရေး စုပေါင်းအမှိုက်ကောက်ပွဲများကဲ့သို့ လူထုလှုပ်ရှားမှုဖြင့် အသိပညာပေးခြင်း၊ ပလတ်စတစ်နှင့်ပတ်သက်တဲ့ သိကောင်းစရာ Video များ၊ Talk Show များဖြင့် Social Media မှတစ်ဆင့် ပြည်သူများထံ ပျံ့နှံ့သိရှိစေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထုအနေဖြင့်လည်း တတ်နိုင်သမျှ ပလတ်စတစ်သုံးစွဲမှုကို လျှော့ချပေးရန်နှင့် ပလတ်စတစ်အစားထိုးဖြစ်သည့် ချည်ဖြင့်ပြုလုပ်သော ဈေးဝယ်အိတ်များ၊ စက္ကူအိတ်များအားတက်နိုင်သမျှ အသုံးပြုပေးခြင်း၊ မိမိတို့နေအိမ်မှထွက်ရှိသော အမှိုက်သရိုက်များကို စနစ်တကျစွန့်ပစ်ခြင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် သက်ဆိုင်ရာဌာနများအနေဖြင့် ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို အန္တရာယ်ပေးနေသည့် ပလတ်စတစ် ညစ်ညမ်းမှုပြဿနာများအား ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရန် ပလတ်စတစ်နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ပြည်သူလူထုအား စဉ်ဆက်မပြတ် အသိပညာပေးခြင်းများ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် မွန်ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ဒေါက်တာအောင်မြတ်ကျော်စိန်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မှ ပေးပို့သောသဝဏ်လွှာအား ဖတ်ကြားပြီး မွန်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးကျော်သူရလှိုင်မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအားရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ပြည်နယ်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုရရှိသည့် ကျောင်းများနှင့် မွန်ပြည်နယ်အတွင်းပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သောမြို့များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဆုချီးမြှင့်သည်။
ဆက်လက်၍ ၂၀၂၃ ခုနှစ် ၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး ဗီဒီယို(clip)ပြသပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင် အမှတ်တရဓာတ်ပုံရိုက်ကူးကာခန်းမအတွင်း ခင်းကျင်းပြသထားသောပြခန်းများအား၊ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)