မော်လမြိုင် ဇွန် ၆
မွန်ပြည်နယ်တွင် အများပြည်သူများ အားကစားကို လေ့လာလိုက်စား၍ အားကစားနည်းအလိုက် ဆောင်ရွက်နိုင်စေရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၂၃ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ Top ဖူဆယ် အားကစားကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီဝင်များ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများမှ ကွင်းအတွင်းနေရာယူ၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ကဏ္ဍတွေမှာသာမက လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ပြီး အားကစားအသိစိတ်ဓာတ် ပိုမိုသက်ဝင်ယုံကြည်လာခြင်းမှသည် တစ်မျိုးသားလုံး ကာယ ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရန် မွန်ပြည်နယ်အတွင်း အားကစားကို ပိုမိုစိတ်ပါဝင်စားလာစေရန်အတွက် ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိကြောင်း၊ မြို့နယ်/ ခရိုင်အဆင့်မှ ပြည်နယ်ဂုဏ်ဆောင်နိုင်သော အားကစားသမားများ ရွေးချယ်နိုင်ရန် ၊ဖူဆယ်အားကစားနည်းကို လူအများစိတ်ပါဝင်စားလာစေရန်၊ မြို့နယ်များမှ ဖူဆယ်အားကစားသမား အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိလာစေရန်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ်ကိုယ်စားပြု ဖူဆယ်အသင်း အောင်မြင်မှုရရှိစေရန်တို့ကို ရည်ရွယ်၍ ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့် ကောင်းမွန်သော အားကစား စိတ်ဓာတ်နှင့် တရားမျှတစွာ ယှဉ်ပြိုင်ခြင်း၊ သန့်ရှင်းစွာ ကစားခြင်းတို့ဖြင့်လည်း အားကစားရဲ့အနှစ်သာရကို ပေါ်လွင်စေမှာဖြစ်ကြောင်း မွန်ပြည်နယ် ဖူဆယ်အားကစားအဆင့်အတန်းတိုးတက် မြင့်မားရေးနှင့် ပြည်နယ်ဂုဏ်ဆောင် မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များအားလုံး အထူးအာရုံစိုက်ပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်၊ ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့် ချမှတ်ထားသည့် ပြိုင်ပွဲစည်းမျဉ်း/ စည်ကမ်းများကို လိုက်နာ၍ ပြည်နယ်ဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင် အားကစားသမားများဖြစ်အောင် ကြိုးစားသွားကြလိုကြောင်း တိုက်တွန်းမှာကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆို၍ ကွင်းအတွင်းမှပြန်လည်ထွက်ခွာပြီး အဖွင့်ပွဲစဉ်အဖြစ် ကျိုက်ထိုဖူဆယ် ဘောလုံးအသင်းနှင့် ကျိုက်မရောဖူဆယ်ဘောလုံး အသင်းတို့ယှဉ်ပြိုင်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ပြိုင်ပွဲကို ဇွန်လ ၅ရက်နေ့မှ ၉ရက်နေ့အထိ ၅ရက်ကြာကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
စည်သူ(ပြန်/ ဆက်)