လားရှိုး ဇွန် ၆
၂၀၂၃ -ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Enviroment Day) အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က လားရှိုးမြို့၊ လူထုအခြေပြုဗဟိုဌာန Community Centre ရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် လားရှိုးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက “လက်ရှိပတ်ဝန်းကျင်အခြေအနေ၊ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများနှင့် ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်”ခေါင်းစဉ်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု၊ ပတ်ဝန်းကျင်အခြေအနေ၊ လက်ရှိကမ္ဘာ့ပတ်ဝန်းကျင်အခြေအနေ၊ ပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုများ၊ ပတ်ဝန်းကျင်ဆိုသည်မှာ၊ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ၊ ပလတ်စတစ်ညစ်ညမ်းမှုပြဿနာများအကြောင်းကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းအသိပညာပေး ဟောပြောခဲ့သည်။
ဟောပြောပွဲသို့ လားရှိုးမြို့ပေါ် ရပ်ကွက်(၁၂)ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဟိုတယ် လုပ်ငန်းရှင်များ၊ စားသောက်ဆိုင်ပိုင်ရှင်များ တက်ရောက်ခဲ့ကြသည်။
လားရှိုးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” ဖြစ်သည့် ဇွန်လ ၅ ရက်နေ့နံနက်ပိုင်းတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့်သက်ဆိုင်သည့် နံရံကပ်ပြဘုတ်များပြသခြင်း၊ မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)