တံတားဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး ကွန်ပျူတာ အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

တံတားဦး ဇွန် ၆

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဝန်ထမ်းများ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူစေရန်နှင့် စွမ်းဆောင်ရည်မြင့်မား တိုးတက် လာစေရန် ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး ကွန်ပျူတာ အခြေခံသင်တန်းဖွင့်ပွဲကို  ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တံတားဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်မာစန်းက တံတားဦး ငါးဇွန်မြို့နယ်ရုံးများမှ ဝန်ထမ်းများအနေဖြင့် ဌာနနှင့် နိုင်ငံ့ တာဝန်များ ထမ်းဆောင်ရာတွင် အရည်အသွေး ပြည့်ဝစွာ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စွာ ထမ်းဆောင်နိုင်ရန် ကြိုးစားသင်ယူကြရန် အမှာစကား ပြောကြားခဲ့ပြီး အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)မှ နည်းပြဆရာမ ကထိက ဒေါ်နွယ်နီဝင်းက ကွန်ပျူတာအခြေခံသင်တန်းတွင် Microsoft  Word, Excel, Power Point ဘာသာရပ်များကို စာတွေ့၊လက်တွေ့စနစ်တကျ သင်ကြားပေး သွားမည်ဖြစ်ရာ မိမိတို့ လုပ်ငန်းခွင်တွင် ထိရောက်စွာ အသုံးချနိုင်ရေး ကြိုးစားသင်ယူ ကြရန် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး  ခရိုင်ဦးစီးမှူး ဒေါ်ခင်မာစန်းနှင့် တာဝန်ရှိသူများက သင်ထောက်ကူ ပစ္စည်းများနှင့် သင်ထောက်ကူ စာအုပ်များကို သင်တန်းသား၊သင်တန်းသူများအား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး ကွန်ပျူတာအခြေခံသင်တန်းသို့ တံတားဦးခရိုင်၊ တံတားဦး မြို့နယ်နှင့်ငါန်းဇွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သင်တန်းသား၊ သင်တန်းသူ  (၁၀)ဦး တက်ရောက်ကြပြီး သင်တန်းတွင် ကျွမ်းကျင်ဆရာများက စာတွေ့၊ လက်တွေ့ဖြင့် ဇွန် ၅ ရက်မှ ဇွန် ၁၄ ရက်ထိ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း တံတားဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်မာစန်း ပြောပြ၍ သိရသည်။

တင်တင်ထွေး