တပ်ကုန်း ဇွန် ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးဌာနမှ မိုးရာသီတွင် ရပ်ကွက်၊ ကျေးရွာပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက လျှပ်စစ်ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းတွင် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးဌာနမှ လျှပ်စစ်အင်ဂျင်နီယာမှူး ဦးအောင်ဇော်ဇော်မျိုးက ကြီးကြပ်၍ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် ချုံနွယ်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရန် သတိပြုရမည့် အချက်များပါရှိသည့် ဗွီနိုင်းပိုစတာများ တပ်ဆင်သတိပေးခြင်း၊ လူစည်ကားသည့် နေရာများတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးပြောကြားခြင်း၊ ထရန်စဖော်မာများနှင့် ထရန်စဖော်မာခြံဝန်းများ သန့်ရှင်းရေး ဆောင်ရွက်ကြောင်း သိရသည်။
တင်စိုးလွင်