မိုးကုတ် ဇွန် ၆
၂၀၂၃ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြောင်း သိကောင်းစရာ အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ နေ့လည် ၁၁:၀၀ နာရီက မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မိုးကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့မှုနှင့် မိုက်ခရို ပလတ်စတစ်အကြောင်း သိကောင်းစရာများ မိုက်ခရို ပလတ်စတစ်များ ပတ်ဝန်းကျင်သို့ ရောက်ရှိပုံ၊ မိုက်ခရို ပလတ်စတစ်သုံးစွဲမှုအား လျှော့ချနိုင်မည့် နည်းလမ်းများ၊ မိုက်ခရိုပလတ်စတစ်ပါဝင်သော အစားအစာများကို စားသုံးမိသည့်အခါ ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးများ စသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်နန်းခွာညိုနှင်းက ပလတ်စတစ် သုံးစွဲမှု၏ ဆိုးကျိုးများဖြစ်သည့် ရေမြောင်းများပိတ်ဆို့စေပြီး ရေစီးရေလာကို ပျက်စေခြင်း၊ မြေအောက်ကို ရေညစ်ညမ်းစေခြင်း၊ မြေဆီလွှာကိုပျက်စီးစေခြင်း၊ မြစ်ချောင်းအင်းအိုင်ပင်လယ်သမုဒ္ဒရာများအား ညစ်ညမ်းစေခြင်း၊ အစားအသောက်များကို အဆိပ်အတောက်ဖြစ်စေခြင်း၊ မီးရှို့သည့်အခါ အဆိပ်ငွေ့များအဖြစ် လေထုထဲသို့ ပျံ့နှံစေခြင်း စသည့် အကြောင်းအရာတို့ကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကြည်ကြည်နွဲ့ (ပြန်/ဆက်)