စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကမ္ဘာ့ပတ်၀န်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ Talk Show ဆောင်ရွက်

စဉ့်ကိုင် ဇွန် ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ(၂) နာရီက လူထုအခြေပြုဗဟိုဌာနတွင်   ကမ္ဘာ့ပတ်၀န်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်   အသိပညာပေး ဆွေးနွေးပွဲ Talk Show  ဆောင်ရွက်ခဲ့သည်။

ဆွေးနွေးပွဲတွင်    စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်၀င်း၀င်းသန်းက လူသားအားလုံး ကမ္ဘာဦးအစကတည်းကပင် သဘာ၀ပတ်၀န်း ကျင်အပေါ် မှီခိုအသက်ရှင်နေထိုင်ခဲ့ကြရသည်နှင့်အမျှ ပတ်၀န်းကျင်အား ကာကွယ်ထိန်းသိမ်းဖို့ လိုအပ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးများ၊ အမှိုက်များ စနစ်တကျ မစွန့်ပစ်မှုကြောင့် ပတ်၀န်းကျင် ညစ်ညမ်းမှုများအကြောင်းကို ဆွေးနွေးခဲ့သည်။

ဆက်လက်၍   မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၀င်  ဒေါ်ခင်ဆန်းက ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ဆိုသလိုလူသားနှင့် ပတ်၀န်းကျင် အပြန်အလှန် ကျေးဇူးပြုကြသည့်အတွက်  အမှိုက် များ စနစ်တကျ စွန့်ပစ်ကြရန်၊ သစ်ပင်သစ်တောများ စိုက်ပျိုးကြရန်၊ ရှင်သန်အောင် ထိန်းသိမ်းကြရန်၊  ပိုးသတ်ဆေးများကို စနစ်တကျ ကိုင်တွယ်သုံးစွဲစွန့်ပစ်ကြရန်၊  ရေကို ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး  ချွေတာသုံးစွဲဖို့ ကမ္ဘာကြီးပူနွေးလာသည်နှင့်အမျှ လူသားတွေ ဆက်လက်ရပ်တည်နိုင်ဖို့ လိုက်နာဆောင်ရွက်သွားဖို့လိုအပ်ကြောင်း   ယခုနှစ်ဆောင်ပုဒ် ဖြစ်သော "ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့" ဟူသော ဆောင်ပုဒ်နှင့်အညီ  ပြည်သူအားလုံး ပလပ်စတစ် အမှိုက်များအား စနစ်တကျ သုံးစွဲစွန့်ပစ် ကြရာတွင်  ပူးပေါင်းပါ၀င်ဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)