ကျောက်ဖြူ ဇွန် ၅
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများသည် ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၌ ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှုများရှိသည့် ဘုန်းတော်ကြီးကျောင်းများ ပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး စားရေရိက္ခာများလှူဒါန်းကာ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆိုင်ကလုန်းရှယ်တာ(Cyclone Shelter)များအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် စေတီယျရပ်ကွက်ရှိ ကုမ္ပဏီဈေး ကျောင်းပရိယတ္တိစာသင်တိုက်သို့ သွာ းရောက်ပြီး ၎င်းကျောင်းတိုက်ဆရာတော် ဦးသုခဝံသအား ဖူးမြော်ကြည်ညိုကာ နဝကမ္မအလှူငွေများနှင့် စားရေရိက္ခာများထောက်ပံ့လှူဒါန်း၍ ဘုန်းတော်ကြီး ကျောင်းအဆောက်အဦ ပျက်စီးမှုအခြေအနေများအား မေးမြန်းလျောက်ထားပြီး ပြန်လည်ပြုပြင် ပြီးစီးမှု အခြေ အနေများကို ကြည့်ရှုကာ ကျောင်းဒကာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို လိုအပ်သည်များမှာကြားသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် မုန်တိုင်း အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် တည်ဆောက်ထားသည့် စေတီယျရပ်ကွက်ရှိ ဆိုင်ကလုန်း ရှယ်တာ (Cyclone Shelter)အား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြခဲ့ကြပြီး ဒုတိယဗိုလ်ချုပ်ကြီး လူအေးမှ လိုအပ်သည်များကို လမ်းညွှန်မှာ ကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူမြို့၊ အေးမြသာယာ ကျေးရွာ၌ မိုခါမုန်တိုင်းဘေးဒဏ်ခံရသူများကို သဘာဝဘေးအန္တရာယ်ကူညီ ကယ်ဆယ်ရေးအဖွဲ့ အမှတ်(၆)၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများအား လှည့်လည်ကြည့်ရှု၍ ဆေးကုသမှုလာရောက်ခံယူနေသူများကို အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)