ဇေယျာသီရိ ဇွန် ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပလတ်စတစ် ညစ်ညမ်းမှုများအကြောင်းကို ပြည်သူများ ကျယ်ပြန့်စွာသိရှိစေရန်အတွက် အသိပညာပေး Talk Show ကို ယနေ့မွန်းလွဲပိုင်းက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။
အသိပညာပေး Talk Show ရိုက်ကူးရာတွင် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်နှင့် နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးတို့က ကြွပ်ကြွပ်အိတ်များ တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြသည့်အကြောင်းရင်း၊ ကမ္ဘာပေါ်တွင် တစ်ခါသုံးပလတ်စတစ် ထုတ်လုပ်မှု၊ သုံးစွဲမှု၊ စွန့်ပစ်နေမှု အခြေအနေများ၊ ပလတ်စတစ်ညစ်ညမ်းမှုသည် သက်ရှိများ၊ လူသားများနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှု အခြေအနေများ၊ ပလတ်စတစ် သုံးစွဲ/ စွန့်ပစ်မှုများ လျော့ကျသွားအောင် ဆောင်ရွက်သင့်သည့် အရာများအား အသိပညာပေး ဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇေယျာသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယနေ့ရိုက်ကူးထုတ်လွှင့်သည့် Talk Show အပြည့်အစုံကို ဇေယျာသီရိမြို့ ပြည်သူ့စာကြည့်တိုက် Facebook Page တွင် ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)