မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အသွားအလာကန့်သတ်ထားသူများအတွက် ရေသန့်ဘူး (၉၀၀၀) လာရောက်လှူဒါန်း

ရန်ကုန် အောက်တိုဘာ ၈


ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးတို့တွင် ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန်အတွက် ဆောင်ရွက်ထားသော ကိုဗစ်-၁၉ ရောဂါ ကန့်သတ်စောင့်ကြည့်စခန်း(၃)ခု၌ လိုအပ်လျက်ရှိသော ရေသန့်ဘူးများအား စေတနာရှင်များနှင့် We Love Mingalar Taung Nyunt  ပရဟိတအဖွဲ့တို့မှ ပူးပေါင်းကာ ယမန်နေ့ နံနက်ပိုင်းက  လာရောက်လှူဒါန်း ခဲ့ကြသည်။
ထိုသို့လှူဒါန်းရာတွင် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ  ကန့်သတ်စောင့်ကြည့်ရေး စခန်းများဖြစ်သည့် သိမ်ဖြူလက်ဝှေ့ရုံနှင့် အ.ထ.က (၄) ရှိ Community Based Facility Quarantine Centre၊ အ.ထ.က(၁) ရှိ အနံ့ပျောက်သူများထားရှိသော Anosmia Centre တို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် နိုင်ရေးအတွက် ကန့်သတ်စောင့်ကြည့် ထားသူ (၂၄၈)ဦး၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း များ သောက်သုံးနိုင်ရန် အတွက် စေတနာရှင်ပြည်သူများမှ ရေသန့်တစ်လီတာဘူး (၇၈၀၀) ဘူးနှင့် We Love Mingalar Taung Nyunt ပရဟိတအဖွဲ့မှ ရေသန့်တစ်လီတာဘူး (၁၂၀၀) ဘူး စုစုပေါင်း ရေသန့်ဘူး (၉၀၀၀) အား လာရောက်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူပေးခဲ့ကြ ပြီး ကျေးဇူးတင်ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
 ချစ်စုဝေ (ပြန်/ဆက်)