မိုင်းဆတ် ဇွန် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာရေးဆရာ မိုးရှင်း (I.M.T) ရေးသားသော “သူစိတ်ဓာတ်ကျတိုင်း ဖတ်ဖို့” စာအုပ်ဖြင့် ယနေ့ မွန်းလွဲ ၁ နာရီအချိန်က စာဖတ်ဝိုင်း ပြုလုပ် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က စာဖတ်ဝိုင်းများ လစဉ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အားပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါ်နန်းခမ်းလွှမ်း၊ ဦးကျော်စွာထက်နိုင်နှင့် မသန္တာစိုးတို့က မိုးရှင်း (I.M.T) ရေးသားသော “သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့” စာအုပ်မှ စိတ်ဓာတ်ပြန်တက်လာဖို့ အကောင်းဆုံးနည်းလမ်း(၄)သွယ်၊ လက်ဖက်ရည်ခွက်လေးများက ပေးတဲ့ဘဝဒဿန၊ ဆင်တစ်ကောင်ကပေးတဲ့ ဘဝသင်ခန်းစာ၊ ပစ္စုန်ပ္ပန်မှာ နေထိုင်ပါ၊ မြည်းကလေးကို အတုယူပါ၊ ပျော်ချင်ရင် လိုက်နာသင့်သည့် အချက်(၇)ချက်၊ သင့်ကိုယ်သင် စိတ်မပျက်သင့်တဲ့ အချက်(၈) ချက်၊ အာလူးရယ်၊ ကြက်ဥရယ်၊ ကော်ဖီစေ့ရယ်၊ စိတ်ညစ်စရာတစ်ခုကို ထပ်ခါထပ်ခါ မစဉ်းစားပါနဲ့၊ ဘယ်တော့မှ နောက်ပြန်မလှည့်ပါနဲ့၊ စွန့်လွှတ်ခြင်းနဲ့ခွင့်လွှတ်ခြင်းကို ပိုင်ဆိုင်အောင်ကြိုးစားပါ၊ သူတို့ကို ကျေးဇူးတင်ပါ၊ ဒါပေမဲ့ သူတို့လို မဖြစ်ပါစေနဲ့၊ဒီစကား(၆)ခွန်းကို သင့်ကိုယ်သင် ဘယ်တော့မှ မပြောမိပါစေနဲ့၊ ရည်မှန်းချက် ပျောက်နေသူများအတွက် စသည့်စာအုပ်ပါ အကြောင်းအရာ များကို ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာသည့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာပေ ချစ်သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)