တာမွေမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ အစိုးရနိကာယ်စာမေးပွဲဝင်ရောက်ဖြေဆိုသည့် စာဖြေသံဃာတော်များနှင့် သီလရှင်များအား အားဖြည့်အချိုရည်များ ဆက်ကပ်လှူဒါန်း

တာမွေ       ဇွန်      

မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာထွန်းကားစေရန်နှင့် ပရိယတ္တိသာသနာအကျိုးကို သယ်ပိုးထမ်းဆောင်ကြမည့် သာသနာ့အာဇာနည်ကြီးများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော နိကာယ်စာမေးပွဲများကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းခရိုင်တာမွေမြို့နယ်နတ်ချောင်းရပ်ကွက်ရှိ မြန်မာသီရိလင်္ကာရာမကျောင်းတိုက်တွင်လည်း မြို့နယ်သာသနာရေးဦးစီးဌာန၏စီစဉ်မှုဖြင့် မြို့နယ်အတွင်းရှိ ဩဝါဒစရိယဆရာတော်ကြီးများ၊ အထူးကြီးကြပ်ရေးဆရာတော်များနှင့် ကြီးကြပ်ရေးဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ယနေ့မွန်းတည့်(၁၂)နာရီအချိန်က ၂၀၂၃ ခုနှစ် နိကာယ်စာမေးပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ စာဖြေသံဃာတော်နှင့်သီလရှင်များ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းခရိုင်တာမွေမြို့နယ်တွင် နိကာယ်စာမေးပွဲဖြေဆိုနေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည်ညိုဖူးမြော်ခဲ့ကြပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

ထို့အပြင် ၂၀၂၃ ခုနှစ်အစိုးရနိကာယ်စာ​မေးပွဲတွင် ဝင်ရောက်ဖြေဆိုကြသည့် မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ စာဖြေသံဃာတော်နှင့် သီလရှင်များအား သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လှူဒါန်း​သော အားဖြည့်အချိုရည်နှင့် ​ရေသန့်ဘူးများကို တာ​မွေမြို့နယ်မိခင်နှင့်က​လေး​စောင့်​ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဆက်ကပ်လှူဒါန်းပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)