တိုက်ကြီးမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

တိုက်ကြီး ဇွန် ၅

ဒေသတွင်းတစ်ပိုင်တစ်နိုင်လုပ်ကိုင်သော အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရန်၊ မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းပညာ ကာလတို သင်တန်းဖြစ်သည့် ဆပ်ပြာရည်၊​ ခေါင်း​လျှော်ရည်၊ ဆပ်​ပြာခဲ၊ လက်သန့်​ဆေးရည် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ရန်ကုန်တိုင်းဒေသကြီး တိုက်​ကြီးမြို့နယ် ဥက္ကံ​မြို့ ဆင်ဖြူရှင်ရပ်ကွက် အလံတိုင်ကျောင်းတိုက်တွင် ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ကြောင်း သိရသည်။

ရှေးဉီးစွာ ရန်ကုန်မြောက်ပိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲဇော်ထွန်းက အဖွင့်အမှာစကား ပြောကြားသည်။ သင်တန်းတွင် ဆပ်ပြာရည်အမျိုးမျိုး၊ ခေါင်းလျှော်ရည်အမျိုးမျိုး၊ ဆပ်ပြာခဲအမျိုးမျိုး၊ လက်သန့်ဆေးရည်အမျိုးမျိုး၊ ဓာတုပစ္စည်းများနှင့်ပတ်သက်သည့် သိကောင်းစရာများ၊ Packaging နှင့် ပတ်သက်သည့် သိကောင်းစရာများ၊ GMP၊ GHP အကြောင်းအရာများ၊ စီးပွားရေးစီမံခန့်ခွဲမှုနှင့်ပတ်သက်သည့်သိကောင်းစရာများ၊ အသေးစား စက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာသိကောင်းစရာများ၊ စားသုံးသူကာကွယ်ရေး ဥပဒေအရ ကုန်အမှတ်တံဆိပ် တွင်ဖော်ပြရမည့် အချက်အလက်များအကြောင်းစသည့် ဘာသာရပ်များကို ဇွန်လ(၅)ရက်နေ့မှ (၉)ရက်နေ့အထိ(၅)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် တိုက်ကြီးခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်၊ ရန်ကုန်မြောက်ပိုင်းခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဉက္ကံမြို့အုပ်ချုပ်​ရေးမှူးဦးသန့်ဇင်၊ တိုက်​ကြီး​မြို့နယ်​ကျေးလက်​​​ဒေသဖွံ့​ဖြိုးတိုးတက်​ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ကြကြောင်း သိရသည်။

စန်းကလျာခိုင်