ကျောက်ဆည် ဇွန် ၅
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် တောင်သူများအနေဖြင့် ဆည်ရေသောက်စနစ်ဖြင့် ဆန်စပါးကို အဓိကထား စိုက်ပျိုးကြပြီး ဥယျာဉ်ခြံမြေများတွင် နေ့စဉ်ဝင်ငွေ ရ မည့် သပြေ၊ စပယ်၊ ဇွန်ပန်းပင်များ စိုက်ပျိုးလျက်ရှိရာ ပြည်ပန်းကျေးရွာတွင် ဇွန်ပန်း စိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဇွန်ပန်းပင်များ စိုက်ပျိုးရာတွင် နေရာင်ခြည် ကောင်းစွာရရှိစေရန်နှင့် လေဝင်လေထွက် ကောင်းမွန်စေရန်အတွက် တစ်ပင်နှင့်တစ်ပင် (၁၀)ပေအကွာ စိုက်ပျိုးကြကြောင်း၊ ပန်းပွင့်ရာသီ ရောက်ခါနီးအချိန်တွင် အစိုဓာတ်မပြတ် ရေသွင်းပေးခြင်းနှင့် လိုအပ်သည့် မြေဩဇာများ ပက်ဖျန်း ပေးခြင့်ဖြင့် အပွင့်များလှိုင်လှိုင်ပွင့်ပြီး နေ့စဉ်ခူးဆွတ် ရောင်းချရပြီး ဇွန်ပန်းပင် (၁၀၀)စိုက်ပျိုးထားပါက မိသားစုတစ်နိုင်တစ်ပိုင် လုပ်ကိုင်ဆောင်ရွက်နိုင်ပြီး ပန်းပွင့်ရာသီတွင် တစ်ရက်ငွေကျပ် (၃)သောင်းခန့် နေ့စဉ်ဝင်ငွေရကြောင်း၊ ရောင်းချ ရာတွင် ပန်းအဝယ်ဒိုင်များက နေအိမ်တွင် လာရောက်ဝယ်ယူကြသဖြင့် ဇွန်ပန်း စိုက်ပျိုးသူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း ဇွန်ပန်း စိုက်ပျိုးရောင်းချသည့် မဝေဇင်က ပြောပြသည်။
ပြည်ပန်းကျေးရွာမှ ပြည်သူများအနေဖြင့် အိမ်ထောင်စုတိုင်း တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေ ရရှိရေးအတွက် ဇွန်ပန်းရုံများကို အိမ်ထောင်စုတိုင်း နေအိမ်ဝိုင်းမြေများတွင် မိသားစု ဝင်ငွေရရှိရေး စိုက်ပျိုးကြကြောင်း သိရသည်။
သက်မောင်(ပြန်/ဆက်)